Home
မြန်မာသတင်း
သဘာဝပတ်ဝန်းကျင်အရေး ဝိုင်းဝန်းလုပ်ဆောင်ရန် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် အုပ်ချုပ်ရေးအဖွဲ့ တိုက်တွန်း
နော်နိုရင်း
·
June 5, 2024
Photo-KESAN

သက်ရှိအားလုံးကို ပံ့ပိုးနေတဲ့ သဘာဝပတ်ဝန်းကျင်ဟာ တခုနဲ့တခု ဆက်နွှယ်နေပြီး အရင်က တကြိမ်တခါမှ မဖြစ်ပေါ်တဲ့ သဘာဝကပ်ဆိုးဖြစ်တဲ့ ရာသီဥတုဖောက်ပြန်ခြင်း၊ ဇီဝမျိုးကွဲတွေ လျော့နည်းပျောက်ကွယ်ခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းခြင်းတို့နဲ့ သက်ဆိုင်နေတဲ့အတွက် အားလုံး တစိတ်တဝမ်းတည်းသောစိတ်နဲ့ အမြန်ပူးပေါင်းလုပ်ဆောင်ဖို့ လိုနေပြီလို့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ် အုပ်ချုပ်ရေးကော်မတီက တိုက်တွန်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇွန် ၅ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပြီး သံလွင်ငြိမ်းချမ်းရေးယျာဉ်အတွင်းရှိ ဌာနေလူမျိုးစုတွေ အနေနဲ့လည်း သက်ရှိအားလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ သဘာဝပတ်ဝန်းကျင်ကို မဖြစ်မနေ ကာကွယ်သွားမယ်လို့လည်း ထုတ်ပြန်ထားတယ်။

အာဏာရှင်စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ လေယာဉ်ကနေ ဗုံးကြဲမှုတွေကို ရင်ဆိုင်နေရပေမဲ့ သံလွင်ငြိမ်းရေးဥယာဉ်အတွင်းရှိ နေရာ ၃ နေရာမှာ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ အခမ်းအနားကို ဂုဏ်ပြုကျင်းပခဲ့ပါတယ်။

နိုင်ငံရေးကပ်ဆိုး၊ ပဋိပက္ခ၊ ပြည်တွင်းစစ်နဲ့ နေရပ်စွန်ခွာ ရွှေ့ပြောင်းနေထိုင်နေကြရတဲ့ အခြေအနေမှာ ရှိနေပေမဲ့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ရှိ ဌာနေလူမျိုးစုတွေဟာ ဘိုးဘွားမြေ၊ ဇီဝမျိုးကွဲနဲ့ သဘာဝအရင်းအမြစ်တွေကို ဆက်လက်ကာကွယ်သွားမယ်လို့ ကတိပြုထားပါတယ်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဟာ ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင်းမှာရှိပြီး ကျေးရွာဘုံပိုင်သစ်တော ၄၃ ခု၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့သစ်တော ၆ ခု၊ ကြိုးဝိုင်းသစ်တော ၉ ခုနဲ့ ဌာနေလူမျိုးစု စီမံခန်ခွဲတဲ့နေရာ ၂၈၈ ခု တိုင်းတာ သတ်မှတ်ထားပါတယ်။

သဘာဝနဲ့ ဓလေ့ရိုးရာအရ ထိန်းသိမ်းတဲ့ ဒီလိုနယ်မြေဒေသတွေကို ကြီးမားစွာဖြစ်နေတဲ့ ကပ်ဆိုးတွေကို သဘာဝနဲ့ လူသားထာဝစဉ်တည်မြဲစေတဲ့ နည်းတွေနဲ့ ထိရောက်စွာ လျှော့ချနိုင်ဖို့ သော့ချက်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

အခုနှစ် ကမ္ဘာသဘာဝပတ်ဝန်းကျင်နေ့ရဲ့ ဆောင်ပုဒ်မှာ “ငါတို့မြေ၊ ငါတို့ရဲ့အနာဂတ်၊ ငါတို့သည် ကမ္ဘာမြေကို ကုစားရမယ့်မျိုးဆက်” ဖြစ်ပြီး မြေယာပြုန်းတီးခြောက်သွေ့မှုကို ကုစားရေး၊ သဲကန္တာရများလာမှုကို တားဆီးရေးနဲ့ ရာသီဥတုပြောင်းလဲမှုကို ကြံ့ကြံ့ခံ တွန်းလှန်ဖြတ်သန်းနိုင်ရေးတို့ကို ရည်ရွယ် ကျင်းပနေပါတယ်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ၁၉၇၃ ခုနှစ်က စတင်သတ်မှတ်ခဲ့တာဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာမှု၊ လေထုညစ်ညမ်းလာမှု၊ မြေဆီလွှာပျက်စီးလာမှု၊ သက်ရှိပတ်ဝန်းကျင်အဖွဲ့ ပျက်စီးလာမှု၊ တောရိုင်းတိရစ္ဆာန်တွေ သတ်ဖြတ်ခံရမှုတို့ကို သတိပြုမိဖို့ ဇွန် ၅ ရက် ရောက်တိုင်း ကျင်းပတာ ဖြစ်ပါတယ်။

Photo-KESAN

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013