စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ရဲ့ လူဦးရေတဝက်ကျော်ဟာ တိုက်ပွဲတွေအပြင် စစ်ကောင်စီရဲ့ လေကြောင်းရန်၊ လက်နက်ကြီးရန်တွေကို စိုးရိမ်ရတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က DVB ကို ပြောပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ လူဦးရေ ၄၀၀,၀၀၀ ကျော်ရှိနေပြီး အာဏာသိမ်းပြီးချိန်မှာတော့ လူဦးရေ ၂၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာပြီး နိုင်ငံထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် ၆၀,၀၀၀ လောက်ဟာလည်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးပြီး ခိုလှုံနေကြရပါတယ်။
လက်ရှိမှာ ချင်းပြည်နယ်ကို စစ်ကောင်စီက ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်ထားပြီး ဖြတ်လေးဖြတ် လုပ်နေကာ ပြည်သူတွေကိုလေကြောင်းကနေ ဦးတည်တိုက်ခိုက်မှုကိုလည်း အများအပြားသုံးလာတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
လက်ရှိမှာ တွန်းဇံ၊ တီးတိန်နဲ့ မတူပီမြို့နယ်တွေမှာ စစ်ရေးပြင်းထန်နေပြီး စစ်ဘေးသင့် ပြည်သူတွေအတွက် ဆေးဝါးနဲ့ ရိက္ခာအပါအဝင် ထောက်ပံ့ကူညီမှုအများအပြားလိုနေတယ်လို့ ပြောပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ က Terah Thantluang က “ သူတို့က လေကြောင်းတိုက်ခိုက်မှုကိုလည်း အတော်သုံးလာတယ်။ ပြည်သူကိုဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တဖက်နိုင်ငံကို ထွက်ပြေးရတာရှိသလို လုံခြုံမယ်ထင်တဲ့ တောတောင်တွေကြားမှာ စစ်ပြေးဒုက္ခသည်တွေအ များကြီးရှိနေတာပေါ့”လို့ ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယဘက်ကိုလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထွက်ပြေးတိမ်းရှောင်ရသူ ချင်းပြည်သူ ၆၀၀၀၀ လောက် ရှိနေပြီး မဏိပူရ၊ နယူးဒေလီနဲ့ မီဇိုရမ်ပြည်နယ်တွေမှာ အများဆုံးနေထိုင်နေကြတယ်လို့ သိရပါတယ်။
အဲ့ဒီအထဲက စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော်ဟာ ဖမ်းဆီးထိမ်းသိမ်းခံထားရတယ်လို့ စစ်ရှောင်အရေးကူညီနေတဲ့ India For Myanmar အဖွဲ့က ဆလိုင်းဒိုခါရ်က ပြောပါတယ်။
ချင်းစစ်ဘေးရှောင်ပြည်သူအများစုဟာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ ပြန်အခြေချနေလိုကြပြီး နိုင်ငံတကာရဲ့ကူညီထောက်ပံ့မှုတွေနဲ့ အကောင်အထည်ဖော်သင့်တယ်လို့လည်း ဆိုပါတယ်။
ဆလိုင်းဒိုခါရ်က “တော်လှန်ရေးရလဒ်အပြီးတိုင်အောင်မြင်မှသာ စစ်ဘေးရှောင်တွေကို နေရာပြန်ချထားမယ်ဆိုတဲ့အတွေးနဲ့ဆိုရင် အိမ်နီးချင်းတွေကို တော်တော်လေး ဒုက္ခပေးရာ ရောက်မယ့်အတွက် ကောင်းမွန်တဲ့စီမံချက်တွေလုပ်ပြီး အိမ်နီးချင်းရယ် နိုင်ငံတကာ အကူအညီရယ်နဲ့ လူပီပီသသနဲ့နေနိုင်အောင် ကြိုးစားလုပ်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်”လို့ ပြောပါတယ်။
လက်ရှိအချိန် ချင်းပြည်နယ်မှာ ရိဒ်ခေါဒါရ် ၊ ရေဇွာ၊ မကွီးအိမ်နူး၊ ဝေဘူလ၊ နာရိန်း၊ ဆူရ်ခွား၊ ကျင်ဒွေး၊ ကျီခါးနဲ့ တွန်းဇံမြို့အပါအဝင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေ ထိန်းချုပ်သိမ်းပိုက်ထားတဲ့ မြို့တွေဟာလည်း ၉ မြို့အထိ ရှိလာပြီဖြစ်ပြီး တီးတိန်ကိုလည်း သိမ်းနိုင်ဖို့ တိုက်ပွဲတွေပြင်းထန်နေဆဲ ဖြစ်ပါတယ်။
မြတ်ကြီး