သံတွဲ၊ မင်းတပ်နဲ့ မံစီမြို့နယ်တို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ပြည်သူအချို့ သေဆုံးဒဏ်ရာရခဲ့သလို မတ္တရာမှာလည်း အမျိုးသား ၃ ဦးအား သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၉ ဦးထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ သံတွဲဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ဆင်ခေါင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဇွန် ၄ ရက် မနက်ပိုင်းမှာ Y-12 လေယာဥ်နဲ့လာပြီး ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲခဲ့တာလို့ သံတွဲဒေသခံတဦးက ပြောပါတယ်။
“မနေ့က စစ်ကောင်စီက ဘာတိုက်ပွဲမှ ဖြစ်တာမရှိသေးတဲ့ ဆင်ခေါင်းကျေးရွာကို Y-12 နဲ့ လာပြီးတော့ ပေါင် ၅၀၀ ဗုံး ၃ လုံးလာကြဲတယ်။ အဲဒီနောက်မှာ ပင်လယ်ပြင်မှာရှိတဲ့ နေဗီကနေ လက်နက်ကြီးတွေနဲ့ သံတွဲအနီးက စစ်ကောင်စီတပ်စခန်းတွေက တရစပ် ထပ်ပစ်တယ်။ နောက် နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီက Y-12 အပြင် ဂျက်ဖိုက်တာတွေနဲ့ပါ ထပ်လာပစ်သေးတယ်။ ကျနော်သိသလောက်တော့ အမျိုးသမီး ၃ ဦး သေတယ်လို့ သိရတယ်။ နောက်ထပ်လည်း ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရထားကြတာတွေ ရှိတယ်။ ရွာသားတွေကတော့ အကုန်လုံး ထွက်ပြေးနေကြရတယ်။”
သံတွဲမြို့နယ်က ငပလီ ဂေါ့ကျေးရွာအနီး တနေရာတည်းမှာသာ လက်ရှိတိုက်ပွဲဖြစ်ပွားနေသလို ဆင်ခေါင်းကျေးရွာကိုလည်း တမင်ရည်ရွယ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မဟေမာန်ဦး၊ ကျောင်းဆရာမတဦးနဲ့ သပြုချိုင်ကျေးရွာက အမျိုးသမီးတဦး သေဆုံးကာ ဒဏ်ရာရရှိသူတွေကိုတော့ အရေးပေါ် ဆေးကုသနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၅ ရက်အထိ စစ်ကောင်စီက ဆင်းခေါင်းကျေးရွာကို လေကြောင်းတိုက်ခိုက်နေဆဲဖြစ်ပြီး ကျေးရွာတွင်း စာသင်ကျောင်းနဲ့ နေအိမ်တချို့ မီးလောင်ကာ အရပ်သားထိခိုက်မှုကို မသိရသေးဘူးလို့ ဆိုပါတယ်။
သံတွဲမြို့နယ် ငပလီမြို့အနီးရှိ ဂေါကျေးရွာအနီးမှာ ဇွန် ၂ ရက်ကတည်းက စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီက လမ်းကြောင်းပိတ်ဆို့ထားတဲ့အတွက် ဒေသခံတွေ တိုက်ပွဲအတွင်း ပိတ်မိနေကြပြီး ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ ဂေါ့ကျေးရွာမှာ သံတွဲလေဆိပ်နဲ့ တမိုင်ကျော်လောက်သာ ကွာဝေးတဲ့အတွက် သံတွဲလေဆိပ်ကိုလည်း ဇွန် ၉ ရက်အထိ ယာယီပိတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိမှာ သံတွဲမြို့နယ်အတွင်း စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲဖြစ်ပွားမှုမှာ ၂ လနီးပါးအထိ ကြာမြင့်လာပြီဖြစ်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှု ၃၀ နီးပါးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ နီးပါး ရှိလာပြီလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလ ၆ လကျော်အတွင်း အာရက္ခတပ်တော်ဘက်က မြို့နယ် ၁၀ မြို့နယ်အထိ သိမ်းပိုက်ရရှိထားပြီး နောက်ထပ် နပခ တည်ရှိတဲ့ အမ်းမြို့ အပါအဝင် သံတွဲနဲ့ မောင်တောမြို့နယ်တွေကိုလည်း အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
ချင်းပြည်နယ် မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ်-၁ ရမ်ပန်းကျေးရွာကိုလည်း ဇွန် ၄ ရက် ည ၁၂ နာရီမှာ စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသား ၁ ဦး သေဆုံး၊ အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး အိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ CDF-မင်းတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“အသက် ၆၀ အရွယ် အမျိုးသားတဦး ဆုံးတယ်၊ အမျိုးသမီး ၃ ဦး ဒဏ်ရာရတယ်။ အန္တရာယ်မရှိပါဘူး။ ညတွင်းချင်း ဆေးထည့်ပြီး ကုသပေးထားတယ်၊ နေအိမ် ၃ လုံး ပျက်စီးတယ်၊ ရွာကို သက်သက်လာကြဲသွားတာ။”
ဧပြီ ၂၅ ရက်ကလည်း မင်းတပ်မြို့နယ် တိုက်နယ်အမှတ်-၂ အတွင်းက ဝမ္မသူးဆေးရုံကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူနာ ၄ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ကချင်ပြည်နယ်၊ မံစီမြို့လယ် မိန်းလမ်းမဘေးရှိ ရပ်ကွက်တွေအတွင်းကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဇွန် ၂ ရက်နဲ့ ၃ ရက် ၂ ရက်ဆက်တိုက် နေ့လယ်နဲ့ညပိုင်းတွေမှာ တိုက်လေယာဥ်နဲ့ ဗုံးကြဲတာကြောင့် အိမ်ခြေအများအပြား ပျက်စီးခဲ့တယ်လို့ ဒေသသတင်းရင်းအမြစ်တဦးက ပြောပါတယ်။
“မံစီမြို့တော်ခန်းမတလျှောက် အိမ်ကြီးအိမ်ကောင်းတွေ၊ ဆိုင်ခန်းတွေ အကုန်ပျက်စီးကုန်ပြီ။ ပေါင် ၅၀၀ ဗုံးတွေ ကြဲတာဆိုတော့ ကျင်းတွေ ချိုင့်တွေရော ဖြစ်ကုန်တယ်။ ရစရာမရှိအောင် ပျက်စီးကုန်တာ။ စစ်တပ်ထောက်ခံသူ အိမ်တွေရော ပျက်စီးတယ်။ ဒီနေ့အထိ လေယာဥ်နဲ့ လာလာကြဲနေတုန်း။”
မံစီမြို့နဲ့ မိုးမောက်မြို့မှာ မေလဆန်းပိုင်းကတည်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပါတယ်။
ဗန်းမော်မြို့နဲ့ ၁၃ မိုင်ခန့်ကွာဝေးတဲ့ မံစီမြို့ပြင်ရှိ ခမရ ၃၁၉၊ ခမရ ၆၀၁ နဲ့ အမြောက်တပ်တို့ရှိကာ ဗန်းမော်မြို့နဲ့ ၈ မိုင်ခန့်သာဝေးတဲ့ မိုးမောက် မံပုံနားမှာတော့ ခမရ ၄၃၇ တပ်ရှိပြီး သိမ်းပိုက်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေက ဗန်းမော်မြို့ဝင်မြို့ထွက်တွေကို ပိတ်ထားပြီး ဗန်းမော်နယ်တဝိုက်ရှိ ညောင်ပင်သာ၊ ကံသာ၊ ရေနီ၊ စင့်ကင်၊ ကောင်းစင့်နဲ့ တခြားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ မကြာခဏ လှမ်းပစ်ခတ်နေတာကြောင့် ရရာလမ်းကနေ ဗန်းမော်မြို့ထဲကို ရောက်ရှိလာတဲ့ စစ်ရှောင် ၅,၀၀၀ ထက်မနည်း ရှိပြီး အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရှမ်းမြောင်းကျေးရွာအနောက်ဘက်မှာ အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့တယ်လို့ မတ္တရာဒေသခံတွေက ပြောပါတယ်။
ဇွန် ၄ ရက် ညနေ ၆ နာရီမှာ ရှမ်းကိုင်းရွာအနောက်ဘက်ကို စစ်ကောင်စီတပ်သားတွေ ကားနဲ့ ရောက်ရှိလာပြီး ကားပေါ်ပါလာသူ အမျိုးသား ၃ ဦးကို ပစ်သတ်ပြီး ရေမြောင်းထဲ ပစ်ချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၅ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ ပြန်လည်ရောက်ရှိလာပြီး အလောင်းကို ပြန်လည်ကောက်ယူသွားတယ်လို့ သိရပါတယ်။
“သူတို့က ၄ ရက်နေ့ ညနေမှာ ကားတစီးနဲ့ထွက်လာပြီး ပစ်သတ်ပြီးတော့မှာ ပစ်ချသွားတာ၊ ဒီမနက်ခင်းကျတော့ အလောင်းလာပြန်ကောက်သွားတယ်၊ သေတဲ့သူတွေက အသက် ၂၀ ဝန်းကျင်အမျိုးသားတွေ၊ ဘယ်ကလဲ မသိဘူး၊ ဘယ်သူမှန်းလဲ မသိရဘူး” လို့ Welete Information Network တာဝန်ခံက ပြောပါတယ်။
ရှမ်းမြောင်းကျေးရွာဟာ မတ္တရာမြို့နဲ့ ၃ မိုင်ခန့်ဝေးပြီး မန္တလေး-မိုးကုတ် ကားလမ်းမပေါ်မှာ တပ်ရှိပြီး စစ်ကောင်စီတပ်သားတွေ ထိန်းချုပ်မှုနဲ့ နီးစပ်တဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေ လက်လှမ်းမမီတဲ့ကျေးရွာ ဖြစ်တယ်လို့ သိရပါတယ်။