Home
မြန်မာသတင်း
၃ နှစ်ကျော်အတွင်း စစ်တပ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၅၁၆၀ ခန့်ထိမြင့်တက်
DVB
·
May 28, 2024
AAPP_28052024

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း မြန်မာနိုင်ငံတဝန်း စစ်တပ်အကြမ်းဖက်ပစ်ခတ်သတ် ဖြတ်မှုတွေကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ အယောက် ၅,၁၆၀ လောက်အထိ ရှိလာခဲ့တယ်လို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၅၁၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၉,၀၅၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်းကတော့ ၁၂၄ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၇ ယောက် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၆,၂၄၈ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီက ကောက်ယူရရှိထားတဲ့ သတင်းအချက်အလက်တွေအရ အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီကနေ့အထိ ချင်းပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၂၆ ယောက်၊ စုစုပေါင်းအယောက် ၃၀ သေဆုံးခဲ့တယ်လို့ သိရပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၄ ယောက်နဲ့ အသက် ၆၀ နှစ်အထက် သေဆုံးသူ ၆ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂၆ ရက်မနက် ၂ နာရီလောက်ကလည်း ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွာလ် ဘင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကျင့်ဇကမ်းနဲ့ သားဖြစ်သူတို့မှာ ဗုံးစထိမှန် သေဆုံးခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ အဆိုပါကာလအတွင်း စစ်အုပ်စု လက်ချက်ကြောင့် ကျဆုံးသွားသူတွေရဲ့ အချက် အလက်တွေကို သိရှိပါက ဖော်ပြပါ doc_data_team@aappb.org အီးမေးလ်ဆီ တိုက်ရိုက်ပေးပို့ဆက်သွယ် အကြောင်းကြားနိုင်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013