Home
မြန်မာသတင်း
ဧရာဝတီတိုင်းနှင့် မော်ချီးတွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေ၍ ပြည်သူများ အခက်ကြုံ
DVB
·
May 28, 2024
Food Prices_28052024

ဧရာဝတီတိုင်းမှာ မေလပထမပတ်က စတင်ပြီး စားအုန်းဆီ တပိဿာကို ငွေကျပ် ၁၁,၀၀၀ အထိ ဈေးထပ်တက်လာပြီး စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားတဲ့ စားအုန်းဆီ အခြေခံရည်ညွှန်းဈေးနဲ့ ပြင်ပဈေးကွက်ပေါက်ဈေးဟာ ငွေကျပ် ၅,၀၀၀ နီးပါးအထိ ကွာဟနေတယ်လို့ စားသုံးသူတွေနဲ့ စားသောက်ကုန်ဈေးကွက်က သိရပါတယ်။

စစ်ကောင်စီရဲ့ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အနေနဲ့ မေလအတွက် စားအုန်းဆီ အခြေခံရည်ညွှန်းဈေးဟာ တပိဿာ ကျပ် ၅,၀၀၀ ကျော်အဖြစ် သတ်မှတ်ထားပြီး ပြင်ပဈေးကွက်အတွင်း စားအုန်းဆီ တပိဿာကို ကျပ် ၁၁,၀၀၀ အထိ ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။

မအူပင်မြို့ခံ အမျိုးသမီးတဦးက “စစ်ကောင်စီလုပ်တဲ့ အရာမှန်သမျှ တလွဲချည်းပဲ၊ ဆီဈေးကျအောင်လို့ဆိုပြီး ဈေးတွေလျှော့သတ်မှတ်တာ၊ ဘာမှ အကြောင်းမထူးဘူး။ အခုဝယ်ရတာလည်း ၁၁,၀၀၀ တဲ့ တပိဿာကို၊ သူတို့သတ်မှတ်တဲ့ ၅,၀၀၀ ကျော်ဆိုတာ ဈေးထဲမှာ မရပါဘူး။ ဈေးထဲမှာ ကိုယ်တိုင်လာဝယ်ကြည့်စေချင်တယ်။ သူတို့ပြောတဲ့ဈေးနဲ့ ဝယ်လို့ရလား၊ မရလား ဆိုတာကို သိစေချင်တယ်” လို့ ပြောပါတယ်။

လက်ရှိ ဈေးကွက်ထဲ မူလပေါက်ဈေးထက် စားအုန်းဆီဈေးတွေ မြင့်တက်နေတဲ့အတွက် အခြေခံလူတန်းစားတွေအနေနဲ့ ဆီမစားတဲ့အခြေအနေနဲ့ ကြုံနေရပြီး စားအုန်းဆီကို အဓိက အသုံးပြု လုပ်ကိုင်နေရတဲ့ လုပ်ငန်းတွေလည်း အခက်အခဲဖြစ်နေကာ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက ရောင်းချနေတဲ့ ဆီတွေကိုလည်း အမှန်တကယ် လိုအပ်တဲ့ အခြေခံလူတန်းစားတွေ မရဘဲ ငွေကြေးတတ်နိုင်သူတွေသာ အများဆုံး ရရှိနေတယ်လို့ သိရပါတယ်။

ပုသိမ်မြို့ခံ အကြော်စုံလုပ်ငန်းရှင်တဦးက “စားအုန်းဆီဝယ်လုပ်ရတဲ့ အလုပ်တွေလည်း တရက်လေးမှ အဆင်ပြေမနေပါဘူး။ တရက်ကို ပိဿာ ၃၀ လောက်သုံးရတဲ့ လုပ်ငန်းဆိုတော့ အခုဆီဈေးနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ သူတို့သတ်မှတ်တဲ့ နှုန်းထားအတိုင်း အပြင်မှာ ဝယ်မရဘူးလေ။ အခု အကြော်စုံလုပ်ငန်းကို ရပ်ထားတာ တပတ်ကျော်ကျော်လောက်အထိ ရှိလာပြီ။ အခု ပိဿာ ၃၀ ဝယ်မှ ၁၀,၀၀၀ ဈေးနဲ့ရတယ်၊ ဒီဈေးနဲ့ မကိုက်ဘူး” လို့ ပြောပါတယ်။

စားအုန်းဆီဈေးနှုန်းများ လျှော့ချဖို့နဲ့ ဈေးကစားရင် အရေးယူမယ်လို့ စစ်ကောင်စီ ဆီကော်မတီဘက်က နေ့တိုင်း ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာကနေ ကြေညာချက်တွေ ထုတ်ပြန် သတိပေးနေပေမဲ့လည်း ဈေးကွက်ထဲမှာ စားအုန်းဆီဟာ အခြေခံ ရည်ညွှန်းဈေးထက်မှာပဲ မြင့်တက်နေဆဲဖြစ်တယ်လို့ စားသုံးသူတွေက ဆိုပါတယ်။

ဒါ့အပြင် ဈေးကွက်အတွင်း မရှိမဖြစ် စားသောက်ကုန်တွေဖြစ်တဲ့ ဆန်နဲ့ ဆီဈေးနှုန်းတွေဟာ စစ်တပ် အာဏာစတင်သိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းကစလို့ ဈေး ၄ ဆကျော်အထိ မြင့်တက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကရင်နီ(ကယား)ပြည်နယ် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ အလုပ်လုပ်ကိုင်နေကြတဲ့ နေ့စားအလုပ်သမားတွေရဲ့ လုပ်အားခဝင်ငွေ ကောင်းမွန်နေပေမဲ့ ကုန်ဈေးနှုန်းတွေ တဆက်တည်း ၃ ဆလောက် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်၊ ဒီးမောဆို၊ ဘောလခဲ၊ ရွာသစ်၊ ဒေါတမကြီး၊ နန်းမယ်ခုံ၊ ဖားဆောင်းမြို့တို့က စစ်ရှောင် ဒေသခံတွေဟာ မော်ချီးဒေသတွေမှာ ရရာအလုပ်ကို လာရောက်လုပ်ကိုင်နေကြတာ ဖြစ်ပြီး ပင်ပန်းတဲ့နေရာ ဖြစ်တာကြောင့် လုပ်ခပိုရတာလို့ ပန်းရန်လုပ်ကိုင်တဲ့ အမည်မဖော်လိုသူ ဒီးမောဆိုမြို့ခံတဦးက ပြောပါတယ်။

“ဒီမှာက ငှက်ဖျားဆိုလည်း ငှက်ဖျားမို့၊ ရာသီဥတု တအားကြမ်းတယ်။ မှော်တွင်းထဲတော့ ပိုက်ဆံပိုရကြတယ် ကြားတာပဲ၊ ကျနော်တို့တော့ မလုပ်ဘူး တအားပင်ပန်းလို့။ ဒီမှာ ကျနော် ပန်းရန်၊ လက်သမားလုပ်တယ်၊ တရက်ကို အနည်းဆုံး သုံးလေးသောင်းတော့ ရတယ်။ မီးသွေးလုပ်သူတွေလည်း ရကြတယ်။ နောက်ပြီး ဒီမှာက ပင်ပန်းတော့ အလုပ်သမားမမြဲဘူး၊ ဒါပေမဲ့ အလုပ်သမား ပြတ်သွားတာမျိုးလည်း မရှိဘူး။ တယောက်ထွက် တယောက်ဝင် ဖြစ်နေတာ၊ ပင်ပန်းတဲ့ဒေသဆိုတော့ ပိုရတာပေါ့။”

ကရင်နီပြည်အရပ်အရပ်က ဒေသခံ ၂,၀၀၀ ကျော်ဟာ မော်ချီးဒေသမှာ ခဲထုတ်လုပ်ရေး၊ သစ်ထုတ်လုပ်ရေး၊ မီးသွေးဖုတ်လုပ်ငန်း၊ ပန်းရန်၊ လက်သမား စတဲ့အလုပ်တွေကို လုပ်ကိုင်နေကြတာပါ။

ဝင်ငွေကောင်းသလို ကုန်ဈေးနှုန်းကလည်း ကရင်နီပြည်နယ် တခြားနေရာတွေကထက် ၃ ဆခန့် မြင့်တက်နေပြီး ဝင်ငွေထွက်ငွေ ညီပေမဲ့ စုဆောင်းမိတာမျိုးတွေ မရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီက ကုန်ဈေးနှုန်းလည်း တက်တယ်၊ လုပ်သမျှလည်း စားတာနဲ့ တဝက်ကျော်က ကုန်တာပဲ။ တသိန်း နှစ်သိန်းတော့ ခြစ်ကုပ်စုပြီး မိသားစုဆီ ပို့ရတာပေါ့။ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ဒီးမောဆိုနဲ့ ၃ ဆပဲ။”

ဒေသခံတွေ နေ့စဉ်အသုံးပြုရတဲ့ စားသောက်ကုန်နဲ့ ကုန်မာပစ္စည်းအားလုံးဟာ ကရင်နီပြည်နယ် တခြားနေရာတွေထက် စျေးမြင့်တက်နေရတာက လမ်းခရီး အခက်အခဲကြောင့်လို့ စျေးဆိုင်ဖွင့်လှစ်ထားသူတဦးက ပြောပါတယ်။

မော်ချီးဒေသကို ဇန်န၀ါရီ ၂၆ ရက်ကတည်းက တော်လှန်ရေးတပ်တွေက အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ပြီး ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေပေမဲ့ ကုန်စျေးနှုန်းထိန်းညှိပေးတာနဲ့ ပတ်သက်ပြီး တစုံတရာ ဆောင်ရွက်ပေးတာမျိုးတော့ မရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013