ရှေ့တန်းထွက်နေတဲ့ အရာရှိ စစ်သည်တွေ တိုက်ပွဲမှာ သေဆုံးပါက ကျပ်သိန်း ၁၀၀ နဲ့ မြေတကွက် ပေးမယ်လို့ စစ်ခေါင်းဆောင်က မက်လုံးပေး စည်းရုံးထားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တပ်မဌာနချုပ်နဲ့ ခြေလျင်၊ ခြေမြန် တပ်ရင်းက အရာရှိစစ်သည်တွေကို ရှေ့တန်းပို့ဆောင်ရာမှာ ထွက်ပြေးသူများနေလို့ စစ်ခေါင်းဆောင်က အခုလို မက်လုံးပေး ပြောဆိုလာတာ ဖြစ်တယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
“အဲဒီသတင်းက အတော်ပြန့်နေတာ၊ တကယ်တမ်းပေးဖို့ မလွယ်ဘူး။ အခုလတွေ တပ်ဘက်က သေတာ အနည်းဆုံး ၁,၀၀၀ လောက်ရှိတယ်။ တယောက်ကို သိန်း ၁၀၀ နဲ့ဆို ကုန်ကျစရိတ် သိန်းပေါင်း ၁၀၀,၀၀၀ လောက်ရှိမယ်၊ မြေကွက်ပေးမယ်ဆိုတော့ ဖြစ်နိုင်ဖို့ ရာခိုင်နှုန်း နည်းတယ်။”
စစ်ကောင်စီက တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ အရာရှိ စစ်သည်တွေရဲ့ မိသားစုဝင်တွေကို ရင်းနှီး လုပ်ကိုင်စားသောက်ဖို့ ကျပ်သိန်း ၁၀၀ နဲ့ မြေကွက်ပေးမယ်ဆိုပြီး စစ်တပ်လော်ဘီတွေက ပြောဆိုလာတာ ဖြစ်တယ်လို့ တပ်မ ၆၆ နဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
“တိုက်ပွဲမှာသေရင် သိန်း ၁၀၀ ပေးမယ်၊ တိုက်ပွဲမှာ သေတယ်ဆိုတာ အလောင်းပြနိုင်မှ။ ကိုယ်နဲ့အတူသွားတဲ့သူက သေတယ်ဆိုတာ အသိအမှတ်ပြုနိုင်မှ တပ်က သေစာရင်းသွင်းတာ။ တချို့ သေမှန်းမသိ ရှင်မှန်းမသိတဲ့ တပ်ကို ပြန်မရောက်လာတဲ့သူ အများကြီး၊ ဒါကို ဘယ်လို ဖြေရှင်းမလဲ။”
ရှေ့တန်းမှာသေဆုံးခဲ့တဲ့ အရာရှိ စစ်သည်တွေကို မန္တလေးမြို့မှာ ပေ ၂၀ × ပေ ၆၀ မြေကွက်တကွက်ကို နိုင်ငံတော်ကို ပေးသွင်းငွေ တသိန်းခွဲကျပ်နဲ့ ချပေးမယ်ဆိုတဲ့ သတင်းမှာလည်း ဖြစ်နိုင်ခြေနည်းတယ်လို့ တပ်မိသားစုဝင်တဦးက DVB ကို ပြောပါတယ်။
“တိုက်ပွဲမှာကျသွားတဲ့ အရာရှိတွေရော စစ်သည်တွေရော တပ်ထဲမှာ အများဆုံးနေရ ၃ လပဲ။ ပြီးရင် နှင်ထုတ်တာ။ တန်ဖိုးနည်းအိမ်ရာတွေ လျှောက်ရင်လည်း သူတောင်းစားတွေလိုပဲ ထောက်ခံချက် အကုန်ပေးရတာ။ ဒါတောင် ရချင်မှရတာ။”
စစ်ခေါင်းဆောင်အနေနဲ့ အခုလို ပြောဆိုတာဟာ ရှေ့တန်းထွက်မယ့်သူတွေကို မက်လုံးပေး စည်းရုံးတာသာဖြစ်ပြီး ဖြစ်နိုင်ခြေနည်းတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက သုံးသပ် ပြောဆိုကြပါတယ်။