စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် မြဝတီရပ်ကွက်ရှိ နေအိမ်တွေအတွင်းကို စစ်တပ်က မေ ၂၆ ရက် ည ၈ နာရီလောက် ဝင်ရောက်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ် ၁ ဦးနဲ့ လူငယ် ၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကန်ဦးဘုန်းကြီးကျောင်းနားက အိမ်တွေကိုဝင်တယ်။ အိမ်ထောင်စုဇယားတွေ တောင်းကြည့်ပြီး စာရင်းထဲမှာမပါတဲ့သူတွေဆို အကုန်ပေါ်တာဆွဲသွားတာ။ အဲဒီနား အိမ်တွေက ကလေး ၃ ယောက် ပါသွားတယ်။ တယောက်က ၁၄ နှစ်ပဲရှိသေးတယ်” လို့ ရပ်ကွက်နေ ပြည်သူတဦးက DVB ကို ပြောပါတယ်။
နေအိမ်တွေထဲကို ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးရာမှာ စစ်ကောင်စီတပ်သားတွေအပြင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ရာအိမ်မှူးတွေနဲ့ ပျူစောထီးတွေ ပါဝင်ကြတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီကနေ သိရပါတယ်။
ဖမ်းဆီးခံရသူတွေရဲ့ မိသားစုတွေနဲ့ နီးစပ်သူတဦးက “ကလေးတွေကို ဘယ်ကိုခေါ်သွားလဲ ဆိုတာ စုံစမ်းနေတယ်။ ပိုက်ဆံနဲ့ရွေးဆိုရင်လည်း ရွေးရမှာပေါ့။ သူတို့က ဒီယုန်မြင်လို့ ဒီချုံထွင်ကြတာပဲကို” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ယောကျ်ားလေးလူငယ်တွေရှိတဲ့ နေအိမ်တွေကိုသာ ဝင်ရောက်ဖမ်းဆီး ပေါ်တာဆွဲနေတာလို့ ဆိုပါတယ်။
အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ “သူတို့က ပြစ်မှုနဲ့ရောက်လာတာ မဟုတ်တဲ့အတွက် စခန်းမှာမထားပါဘူး။ တပ်ပိုင်းဆိုင်ရာကို မေးကြည့်ပါ” လို့ တာဝန်ကျ ရဲဝန်ထမ်းတဦးက ပြန်လည်ဖြေကြားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မုံရွာမြို့တွင်းမှာလည်း ဂိတ်တွေဖွင့်လှစ်ကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးဖမ်းဆီးနေတဲ့အပြင် ညပိုင်းတွေမှာပါ ရပ်ကွက်တွေထဲ ဝင်ရောက်ပြီး ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့အတွက် ပြည်သူတွေဘဝ မလုံခြုံတော့တဲ့ အနေအထားကို ရောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်ကလည်း မုံရွာမြို့၊ ရတနာပုံရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ် အပါအဝင် အသက် ၂၀ ကျော် ညီအစ်ကို ၃ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်အတွင်း ဝင်ရောက်ပြီး အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။