Home
နိုင်ငံတကာ
စပိန်က ယူကရိန်းကို ယူရို ၁ ဘီလီယံတန် စစ်ရေးအကူအညီ ပေးမည်
DVB
·
May 28, 2024
Ukraine Spain_28052024

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးနဲ့ စပိန်ဝန်ကြီးချုပ် ပေဒရိုစန်ချက်ဇ်တို့ မေ ၂၇ ရက်မှာ လက်မှတ်ထိုးခဲ့တဲ့ နှစ်နိုင်ငံသဘောတူညီချက်အရ ယူကရိန်းနိုင်ငံဆီ ယူရို ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၈ ဘီလီယံ) တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ပေးသွားမယ်လို့ စပိန်က ကတိပြုခဲ့ပါတယ်။

မြေပြင်၊ ဝေဟင်၊ ရေတပ်နဲ့ တခြားအသုံးအဆောင်တွေအတွက် ခေတ်မီ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ သဘောတူထားပြီး အသေးစိတ် အချက်အလက်တွေကို မပြောခဲ့ပါဘူး။

ယူကရိန်းနိုင်ငံထုတ် အမေရိကန်လုပ် ပက်ထရီရော့ဒ် လေယာဉ်ပစ်ဒုံးကျည် တဒါဇင်၊ ဂျာမန်လုပ် လီယိုပဒ် 2A4 တင့်ကား ၁၉ စင်းအပြင် တခြား စပိန်လုပ် လက်နက်တွေဖြစ်တဲ့ ဒရုန်းတွေကို ဖျက်ဆီးနိုင်တဲ့ လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေ ပို့ဖို့ ကတိပြုထားတယ်လို့ အယ်လ် ပိုက်စ် သတင်းစာက အစောပိုင်းမှာ ပြောပါတယ်။

ယူကရိန်းဆီ လွှဲပြောင်းပေးမယ့် ပက်ထရီရော့ ဒုံးကျည် ၁၂ စင်းမှာ ဒုံးကျည်ကာကွယ်ရေးစနစ် အပြည့်အစုံ မပါဘူးလို့လည်း အယ်လ်ပိုက်စ်က ပြောပါတယ်။

ဆန်းချက်ဇ်က စပိန်ဟာ ဒုံးကျည်တွေကို ထောက်ပံ့ပေးနေပြီး ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးအတွက် အထောက်အကူဖြစ်စေမယ့် တခြားနည်းလမ်းနဲ့ တခြား ရွေးချယ်စရာ စနစ်တွေကို ရှာဖို့ လုပ်နေတယ်လို့ ပြောပါတယ်။

ယူကရိန်းအတွက် စစ်ရေးအရ ထောက်ပံ့မှုဆိုင်ရာ အဓိက ဆုံးဖြတ်ချက်တွေချဖို့ အနောက်မဟာမိတ်တွေက အချိန်အတော်ကြာ ယူနေပြီလို့ ဇလန်းစကီးက ခုလထဲမှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဆွစ်ဇာလန်မှာ လာမယ့်လ ကျင်းပမယ့် “ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေး” ကို တက်ရောက်မယ့် ကမ္ဘာ့ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် အသနားခံတဲ့ ဗီဒီယိုဖိုင်ကို ဇလန်းစကီးက မေ ၂၅ ရက်မှာ ဖြန့်ချိခဲ့ပါတယ်။

ရုရှားက ခါခိဗ်မြို့ကို တိုက်ခိုက်ခဲ့ပြီးနောက် လူ ၁၆ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်ချီ ဒဏ်ရာရအပြီးမှာ ခုဗီဒီယိုကို ဖြန့်ချိတာပါ။

ဇွန် ၁၅ ရက်မှာ စမယ့် ထိပ်သီးအစည်းအဝေးကို တက်ရောက်လာမယ့် အထူးသဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ကို ဇလန်းစကီးက မေတ္တာရပ်ခံတာပါ။

အပစ်အခတ် ခဏရပ်ဖို့မဟုတ်ဘဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် ကျေးဇူးပြုပြီး ငြိမ်းချမ်းရေးကို မြှင့်တင်ရာမှာ ခေါင်းဆောင်မှုကို ပြသပါလို့ ဇလန်းစကီးက အင်္ဂလိပ်လို ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024