Home
မြန်မာသတင်း
ဘီးလင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားရာချီပိတ်မိနေ
DVB
·
May 28, 2024
BilinTraffic03_28052024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ မိုင်းခွဲတိုက်ခိုက်ခံထားရတဲ့ မစောတံတား ရှောင်ကွင်းလမ်းမှာ မေ ၂၈ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ကုန်တင်ကားတစီး နစ်နေတာကြောင့် ကားရာနဲ့ချီ ပိတ်မိနေတယ်လို့ ကားသမားတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မိုင်းဖောက်ခွဲခံရတဲ့ မ‌စောတံတားဘေးမှာ ယာယီမြေသားလမ်းဖောက်ထားပြီး ကားကြီး ကားသေးတွေကို မေ ၂၇ ရက်ကစ ဖြတ်သန်းခွင့်ပြုထားစဉ် မေ ၂၈ ရက် မနက် ၈ နာရီလောက်မှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ဖြတ်သန်းနေတဲ့ ကုန်တင်ကားတစီး မြေသားကျွံဝင်သွားတဲ့အတွက် ယာဉ်တန်းရာနဲ့ချီပြီး ပိတ်မိ‌နေတာလို့ ဆိုပါတယ်။

ကားသမားတဦးက “မိုးရွာတော့ လမ်းက မြေပျော့ပြီး ကားဘီးကျွံသွားတာ။ အခုထိ ကားကြီးတွေ လုံးဝသွားမရသေးဘူး။ ကုန်တင်ကားကို ဆွဲထုတ်ပြီးရင်တောင် လမ်းကို ပြန်ပြုပြင်ရဦးမယ်လို့ ပြောတယ်။ ဒီညတော့ ဒီမှာပဲ အိပ်ရတော့မယ်ထင်တယ်” လို့ ပြောပါတယ်။

မစောတံတားပေါ်ကနေ အိမ်စီးကားတွေ အလှည့်ကျဖြတ်သန်းလို့ ရနေသေးပေမဲ့ ကားလမ်းပိတ်ဆို့နေတာကြောင့် ခရီးမတွင်ဘူးလို့ ခရီးသွားတဦးက ပြောပါတယ်။

ကားလမ်းပိတ်ဆို့‌မှုတွေကြောင့် စောင့်ဆိုင်းနေတဲ့ ခရီးသည်တွေကို လူမှုကူညီရေးအသင်းတွေနဲ့ ပြည်သူတွေက စုပေါင်းပြီး ထမင်းဘူးတွေနဲ့ ရေသန့် ဝေပေးနေတယ်လို့ ဘီးလင်း ရှင်သန်ရေးနဲ့ နာရေးကူညီမှုအသင်း တာဝန်ခံက ပြောပါတယ်။

“ကားတန်းပိတ်နေတယ်၊ ပုံမှန်ဆိုတောင် တည‌အိပ်လောက်အထိ ကြာတယ်။ အဲဒါကြောင့် အလှူရှင်တွေကော ပရဟိတအဖွဲ့တွေကော ပေါင်းပြီး ထမင်းထုပ်တွေ ဝေတာပါ။ လူတထောင်စာလောက် ဝေပေးပါတယ်။”

မစောတံတားနဲ့ ကျုံအိတ်တံတားမှာ ဖြတ်သန်းဖို့ ခက်နေတာကြောင့် ဘီးလင်းမြို့အကျော်ထိနဲ့ ကျိုက္ကော်မြို့အကျော်ထိ နှစ်ဖက်လုံး ယာဉ်တန်းရာနဲ့ချီပြီး ပိတ်မိနေသလို ရွာချင်းဆက်လမ်းတွေမှာလည်း ကားတွေပိတ်မိနေတယ်လို့ ‌ဘီးလင်းမြို့ခံတွေက ပြောပါတယ်။

ဘီးလင်းမြို့နယ်၊ တောင်ကလေးကျေးရွာရှိ မစောတံတားဟာ မေ ၂၃ ရက်က မိုင်းခွဲဖျက်ဆီးခံရပြီး အရပ်သားပြည်သူတဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013