တောင်အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာ အပူလှိုင်းဖြတ်နေလို့ ဆေးရုံတက် လူနာဦးရေ မြင့်တက်နေပါတယ်။
အိန္ဒိယနိုင်ငံ အာမဒ်ဒါဘက်မြို့ အနောက်ဘက်က ဆေးရုံမှာ အပူရှပ်တာနဲ့ တခြား အပူနဲ့ပတ်သက်တဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် မေ ၂၄ ရက်က လူနာတွေ များနေပါတယ်။
နိုင်ငံရဲ့ တခြားအစိတ်အပိုင်း အတော်များများမှာလည်း အပူချိန် မြင့်တာကို ရင်ဆိုင်နေရပြီး ဂူဂျာရတ်ပြည်နယ် အနောက်ပိုင်း ဆေးရုံမှာလည်း အရေးပေါ်ကားတွေ ဆေးရုံအပြင်မှာ ရပ်ထားရတာကို တွေ့ရပါတယ်။
အပူရှပ်တဲ့လူနာတွေ လူနာတင်ကားတွေနဲ့ တရစပ် ရောက်လာနေတာပါ။ အပူကြောင့် ဆေးကျောင်းသား ၂ ယောက် မူးဝေအော့အန်ခဲ့လို့ ဆေးရုံတက်နေရတယ်လို့ အရေးပေါ် ဆေးဘက်ပညာရှင် တယောက်က ပြောပါတယ်။
ဆေးရုံအပြင်မှာ လူတန်းစီနေတဲ့ အပူဒဏ်ခံ ပြည်သူတွေကို ကူညီဖို့ ဒေသခံတစုက ထောပတ် ထုတ်ပြီးသား နို့တွေကို ဝေပေးခဲ့ပါတယ်။
အိန္ဒိယ လွင်ပြင်မှာ အပူချိန်ဟာ ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ပူတဲ့အပူလှိုင်းကို ကြေညာခဲ့တာပါ။ ဒါဟာ ပုံမှန် အပူချိန်ထက် ၄.၅ ဒီဂရီ စဲလ်စီးယပ်စ် ပိုပူခဲ့တာလည်း ဖြစ်ပါတယ်။
ပါကစ္စတန်တောင်ပိုင်းက ဒေသတလွှား ဆိုးရွားပြင်းထန်တဲ့ အပူလှိုင်းကြောင့် ဂျာကော့ဘာဘက်မြို့က ဆေးရုံမှာ ဆရာဝန်တွေဟာ လူနာတွေကြားမှာ အလုပ်များနေပါတယ်။
အပူချိန်က စနေနေ့မှာ ၄၈ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ မြင့်တက်ခဲ့လို့ အပူရှပ်တာနဲ့ တခြား အပူဆိုင်ရာ ရောဂါလက္ခဏာတွေကြောင့် လူနာ အများအပြားကို ကုသပေးနေရတာပါ။
နေ့စဉ် အပူရှပ်လူနာ ၁၂ ယောက်လောက်ထိ လက်ခံနေရလို့ ဆေးရုံမှာ လူနာဦးရေ များတာကို ကိုင်တွယ်နိုင်ဖို့ တုံ့ပြန်ရေးဌာနကို ဖွင့်ထားရတယ်လို့ ဆရာဝန် တယောက်က ပြောပါတယ်။
မေလ ၂၃ ရက်မှာ ခရိုင် ၂၆ ခုမှာ ဆိုးရွားပြင်းထန်တဲ့ အပူလှိုင်းဖြတ်မှာဖြစ်ပြီး အပူချိန်က မေလ ၃၀ ရက်ထိ ဆက်ရှိနေလိမ့်မယ်လို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
အယ်လ်နီနို ရာသီဥတုဖြစ်စဉ် အားနည်းသွားပေမယ့် ရာသီမဟုတ် ထစ်ချုန်းမိုးရွာတာ နည်းသွားလို့ ဒီနှစ်မှာ အပူလှိုင်းဖြတ်မယ့် ရက်တွေ ပုံမှန်ထက် ပိုများမယ်လို့ သိပ္ပံပညာရှင်တွေက ဟောကိန်းထုတ်ထားပါတယ်။
Source/Photo - Reuters