ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းကျေးရွာအုပ်စု၊ မီးချောင်းတင်ကျေးရွာက စစ်ကောင်စီ သတင်းပေး ပျူစောထီး သန်းဇော်ကို မေ ၂၂ ရက်နေ့ ညနေ ၄ နာရီ၀န်းကျင်မှာ ပစ်ခတ်ရှင်းလင်းခဲ့ပြီး ကားကိုလည်း မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၅ တပ်ဖွဲ့ရဲ့ တာ၀န်ရှိသူတဦးက ပြောပါတယ်။
“သူ့ကိုရှင်းဖို့ ၆ လလောက် အချိန်ယူလိုက်ရတယ်။ အရှေ့အုန်းတော ကျွန်းစိုက်ခင်းနားကို သူ့ဖောကားနဲ့ သစ်ခိုးတင်ဖို့ ရောက်လာတဲ့အချိန် ကျနော်တို့ ဗျူဟာစစ်ကြောင်းနဲ့ဆုံလို့ ပစ်ခတ်ရှင်းလင်းပြီး သူမောင်းလာတဲ့ ဖောကားကိုလည်း မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။”
အဆိုပါ ပျူစောထီး သန်းဇော်ဟာ စစ်ကောင်စီတပ်နဲ့ပေါင်းကာ သစ်ခိုးထုတ်တဲ့အလုပ်ကို လုပ်ကိုင်နေပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေကို စုံစမ်းကာ စစ်ကောင်စီဆီ ပြန်လည်ပေးပို့နေသူတဦး ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီကောင့်ကြောင့် လူငယ်တွေ အတော်လေး အဖမ်းခံရတယ်။ ထောင်ကျသွားတဲ့သူတွေရှိသလို ဖမ်းပြီး သတ်ပစ်လိုက်တဲ့သူတွေလည်းရှိတယ်။ ပြည်သူကိုအကျိုးမပြုတဲ့ကောင်ဖြစ်လို့ အခုလို ရှင်းလင်းလိုက်တာပါ” လို့ တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၅ မှ ရဲဘော်တဦးက ပြောပါတယ်။
ပျူစောထီး သန်းဇော်ဟာ စစ်ကောင်စီတပ်သားတွေ ရိုးမတောပေါ်သွားလာရာမှာလည်း သူ့ရဲ့ဖောကားနဲ့ အကြိုအပို့ပြုလုပ်ပေးနေပြီး သစ်ခိုးထုတ်နေသူတဦးဖြစ်တယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ အင်ပင်လှကျေးရွာက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးထွန်းဟာ မေ ၂၃ ရက်နေ့၊ မနက် ၇ နာရီ၀န်းကျင်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုတဲ့ မိသားစုနဲ့နီးစပ်သူတဦးက “အပြင်ကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့အချိန် သူ့အိမ်ရှေ့မှာ သေနတ်နဲ့ပစ်ခံရတာ။ ထွက်စာတင်ပြီး ထွက်ခိုင်းနေတာကြာပြီ။ သူက အခုတလော စစ်မှုထမ်းဖို့ လူခေါ်တဲ့ကိစ္စတွေနဲ့ အမြဲအလုပ်ရှုပ်နေတာ” လို့ ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးမျိုးထွန်းကို သေနတ်သမား ၂ ဦးက သေနတ်နဲ့ပစ်သွားတာကြောင့် ခေါင်းမှာထိမှန်ပြီ နေရာမှာတင် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမည်မဖော်လိုတဲ့ အင်ပင်လှကျေးရွာဒေသခံတဦးက “စစ်တပ်က အုပ်ကြီး ဦးမျိုးထွန်းကို အရမ်းအားကိုးအားထားပြုရတာ။ တပ်ပိုင်းဆိုင်ရာနဲ့ အရမ်းပနာစားတယ်။ အခုအချိန်မှာတော့ သူ့သမိုင်းသူ ရေးသွားတာပဲ” လို့ ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၃ WISDOM - 2 က ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
WISDOM - 2 ရဲ့ တာ၀န်ရှိသူတဦးက “ဒီလူက အဓမ္မစစ်သားသစ်စုဆောင်းတာ။ တော်လှန်ရေး တပ်ဖွဲ့၀င်တွေရဲ့ ဆက်စပ်တဲ့ မိသားစု၀င်တွေကိုစုံစမ်းပြီးတော့ စစ်တပ်နဲ့ပေါင်းပြီး အမျိုးမျိုးဒုက္ခပေးနေတာတွေ၊ သူ့အုပ်စုထဲမှာ လောင်းကစား၀ိုင်းတွေထောင်ပြီး စစ်ကောင်စီကို ပံ့ပိုးပေးနေတာတွေကြောင့် ရှင်းလင်းလိုက်ရတာပါ” လို့ DVB ကို ပြောပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာမှာလည်း မေ ၂၃ ရက်က ကြံ့ခိုင်ရေးပါတီဝင် ရဲဝန်ထမ်းဟောင်း ဒနအင်ဖော်မာတဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ၊ ရွာကြီးတောင်ပိုင်းနေ ကြံ့ခိုင်ရေးပါတီဝင် ရဲဝန်ထမ်းဟောင်း ဒနအင်ဖော်မာ သက်လွင်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဇုတ်သုတ်ဆင်မင်းဘုရားနဲ့ တိုက်နယ်ဆေးရုံကြားမှာ မေ ၂၃ ရက် မနက် ၉ နာရီကျော်က ပစ်သတ်ခဲ့တာကြောင့် နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ဘီးလင်းဒေသခံတဦးက “သူက ရဲပြုတ်ဆိုပေမဲ့ ရဲတွေနဲ့ပေါင်းပြီး လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့ လုပ်နေတာ။ သူက ကြံ့ခိုင်ရေးပါတီဝင်လည်း ဟုတ်တယ်။ ပစ်သွားတာတော့ PDF တွေလို့တော့ ပြောတယ်။ နေရာမှာပဲ သေသွားတာ။ တခြားအရပ်သား ထိခိုက်မှုတွေတော့ မရှိဘူး” လို့ ပြောပါတယ်။
ရဲဝန်ထမ်းဟောင်း သက်လွင်ဦးဟာ တော်လှန်ရေးအဖွဲ့ဝင်တွေရဲ့ သတင်းတွေကို စုံစမ်းပြီး စစ်ကောင်စီကို ပေးပို့တဲ့အပြင် လက်နက်အားကိုးနဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာ၊ စစ်မှုထမ်းလူငယ်တွေရဲ့ စာရင်းကို စစ်ကောင်စီထံ ပို့ပေးတာတွေ လုပ်ဆောင်နေလို့ ပစ်ခတ်ခဲ့တာလို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“သူက ရဲပြုတ်ပြီး ဒုစရိုက်နှိမ်နင်းရေး အင်ဖော်မာ လုပ်နေတာ။ သူက တော်လှန်ရေးတပ်ဖွဲ့ရဲ့ သတင်းတွေ စုံစမ်းနေတာနဲ့ စစ်မှုထမ်းဖို့ စာရင်းကောက်ခံနေလို့ ပစ်ခတ်ရှင်းလင်းခဲ့တာပါ။”
ဒုစရိုက်နှိမ်နင်းရေးအင်ဖော်မာ သက်လွင်ဦးထံက လက်ပစ်ဗုံး ၂ လုံး၊ ငွေကျပ် ၁,၅၀၀ နဲ့ အိတ်တလုံး သိမ်းဆည်းရမိခဲ့တယ်လို့ KRF အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အလားတူ မေ ၂၂ ရက်ကလည်း ကျိုက်ထိုမြို့နယ် တောင်ပိုင်းရပ်ကွက်မှာ ကြံ့ခိုင်ရေးပါတီဝင် ရာအိမ်မှူး ဦးအုန်းမြင့်ကို PDF တွေ လာရောက်ပစ်ခတ်ခဲ့တာကြောင့် နေရာမှာပဲ သေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်ခံတွေအနေနဲ့ နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီး အမြန်ဆုံးရုန်းထွက်ကြဖို့နဲ့ စစ်ကောင်စီလက်အောက်မှာ သစ္စာခံနေသူတွေကို ဆက်လက်ရှင်းလင်းသုတ်သင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။