Home
ဆောင်းပါး
မတရားမှုကို တွန်းလှန်နေသူတွေ
DVB
·
May 22, 2024
ArticleTaPaLu_22052024

အလုပ်ခန်းထဲကနေ “အုန်း” ဆိုတဲ့အသံကို တချက်ကြားလိုက်ရတယ်။ အနီးအနားမှာ ပေါက်ကွဲသံတွေ မကြာခဏ ကြားရတတ်လို့ ဒါ ဘာအသံလဲဆိုတာ တန်းသိနေတာမျိုးပေါ့။ ပေါက်ကွဲသံတွေ ပစ်ခတ်သံတွေ ဆိုတာ နားယဉ်နေမှကိုး။

ပေါက်ကွဲသံတခု ကြားရပြီဆို မတရားမှုကို တွန်းလှန်တော်လှန်သူ‌တွေရဲ့ အောင်မြင်ခြင်းတခု ပြုလုပ်နိုင်လိုက်ပြီလို့ မှတ်ယူလို့ရနိုင်မှာဖြစ်တယ်။ ဒီလို မှတ်ယူထားတာကတော့ ပေါက်ကွဲသံကြားရတဲ့ အကြိမ်တိုင်းတော့ မဟုတ်ခဲ့ဘူး။

ပေါက်ကွဲမှုတကြိမ်ကဆို သူတို့ ကြံဆောင်တဲ့နေရာကို မရောက်ခင် ပြင်ဆင်နေချိန်မှာပဲ ထပေါက်ကွဲလို့ လူပါ အသက်ပေးလိုက်ရတဲ့ အခင်းအကျင်းမျိုး‌တွေကလည်း ရှိထားတာဆိုတော့ ပေါက်ကွဲသံကြားရတိုင်း စိတ်နှစ်ခွတော့ ဖြစ်ရတာပါပဲ။ တချက်က သူ ဆောင်ရွက်ရမယ့်နေရာကို ဆောင်ရွက်နိုင်သလား ဆိုတာနဲ့ တချက်က သူ့အတွက် အန္တရာယ်ကင်းရဲ့လား ဆိုတဲ့အချက် ဖြစ်ပါတယ်။

ပေါက်ကွဲသံတခု ကြားရပြီး အွန်လိုင်းစာမျက်နှာပေါ်မှာ ဘယ်လိုပြောကြမလဲ။ ဘယ်လို သတင်းစကားပါးကြမလဲ ဆိုတာကို အပြေးအလွှား ဖုန်းထုတ်ပြီး ကြည့်ကြရတာ ဖြစ်ပါတယ်။

ဒီတော့မှလည်း အကြောင်းစုံ သိရတာကိုး။ သတင်းမှား ရေးသားဖြန့်ဝေချက်ကိုတော့ သတိထားရတာပေါ့။ တချို့က ဖြစ်စဉ်ဖြစ်ရပ်ထက် ချဲ့ကားပြောဆိုကြသလို တချို့က သီးသန့်ကို သတင်းမှား ဖြန့်တာမျိုး။ ဖြစ်ရပ်ဖြစ်ပွားတဲ့ အနီးအနားက လူတွေကတော့ မသိမသာ မျက်နှာရိပ် မျက်နှာကဲကြည့်ပြီး ဘာဖြစ်သွားသလဲ၊ ဘယ်လိုတွေ လာစစ်ဆေးသလဲ၊ လမ်း‌တွေပိတ်ပြီး မပေါက်ကွဲသေးတဲ့အလုံးကို ဖောက်ခွဲသွားတာ စတဲ့ နောက်ဆက်တွဲ ပုံရိပ်တချို့ကို မြင်‌တွေ့ကြရမှာ ဖြစ်ပါတယ်။

တရက်တော့ အနားက ယာဉ်ထိန်းရဲကင်းမှာ ပေါက်ကွဲသံကို အသေအချာ ကြားလိုက်ရပါတယ်။ ကုန်အလေးချိန်အပြည့်ပါတဲ့ ကွန်တိန်နာကားကြီးတစီး ဖြတ်မောင်းသွားသလို မြေပြင်တုန်ခါမှုမျိုး ခံစားလိုက်ရပါတယ်။

အဲဒီယာဉ်ထိန်းရဲကင်းမှာတော့ မီးခိုးထွက်နေတာကိုပဲ မြင်လိုက်ရပါတယ်။ ဒီယာဉ်ထိန်းရဲကင်းရဲ့ အနီးမှာတော့ မြို့နယ်အဆင့်ရှိတဲ့ ရဲစခန်းတခု ရှိနေပါတယ်။ ခေတ်ကောင်းချိန်က အဲဒီရဲစခန်းမှာ အလုပ်လျှောက်ကြမယ့်သူ‌တွေ၊ သင်္ဘောထွက်မယ့်သူ‌တွေ၊ ယာဉ်မောင်းလိုင်စင် လုပ်ကြမယ့်သူတွေက ထောက်ခံစာလုပ်ဖို့အတွက် အထွက်အဝင် အများဆုံးရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ အဲဒီရဲစခန်းထဲကနေ အမျိုးသမီး‌တွေ ဘုရားစာရွတ်နေတဲ့ အသံကို နေ့စဉ်လိုလို ကြားနေရပါတယ်။ သတင်းဌာနအချို့မှာတော့ စစ်ကောင်စီ လက်အောက်ခံ ရုံးတွေ၊ ဌာနတွေမှာ အခုလို ဘုရားစာတွေ ရွတ်ရမယ်လို့ လျှို့ဝှက်ညွှန်ကြားစာတွေ ထုတ်တယ်လို့ ရေးသားကြပါတယ်။ ရဲစခန်းရှေ့မှာတော့ သဲအိတ်‌တွေ၊ ဝါးကပ်တွေနဲ့ ကာထားပါတယ်။ ဒီနောက်ပိုင်းမှာတော့ အင်္ဂတေကိုင်ထားတဲ့ ဘန်ကာနဲ့ သံဆန်ခါတွေ အထပ်ထပ်ကာထားတာကို တွေ့ရပါတယ်။ ဘယ်လိုပဲ အထပ်ထပ် ကာရန်ထားပေမဲ့ ကျောမလုံပုံရပါတယ်။ တရားစာရွတ်ဖတ်သံတွေနဲ့ သူတို့ကိုယ်သူတို့ ကာကွယ်ထားပုံရပါတယ်။

အဲဒီနေ့က ပေါက်ကွဲသံဟာ ရွတ်ဖတ်သံတွေကိုပါ အုပ်မိုးသွားပါတော့တယ်။ သိပ်မကြာခင်မှာပဲ ပြုလုပ်သူ‌တွေပါလို့ ကိုယ့်ကိုယ်ကိုယ် ဝန်ခံထုတ်ပြန်လာကြပါတယ်။

ယခုပေါက်ကွဲမှုဟာ သူတို့အဖွဲ့က ဆောင်ရွက်တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေကို အသိပေး သတိပေးတဲ့အနေနဲ့ ဖောက်ခွဲတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာ မရှိဘဲ ယာဉ်ထိန်းရဲရုံးရဲ့ အဆောက်အဦ ပျက်စီးသွားတဲ့ အခြေအနေ ရှိခဲ့ပါတယ်။ ပြုလုပ်သူ‌တွေဘက်က ဘေးအန္တရာယ်ကနေ လုံခြုံစွာနဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်လို့ ထုတ်ပြန်လာပါတယ်။

ဒီယာဉ်ထိန်းရဲရုံး ပေါက်ကွဲမှုဖြစ်စဉ်မှာ လူအများ ပြေးမြင်ကြတာက ယာဉ်ထိန်းရဲ ဝန်ထမ်းတယောက်ကိုပါ။ ဒီနေရာမှာ သူ ရှိခဲ့ဖူးတယ်။ တချိန်က သူ့ကို လူချစ်လူခင် ပေါတဲ့အကြောင်း တသသ ပြောနေသံတွေ ပြန်ကြားလာရပါတယ်။

ပြည်သူလူထုက ငြိမ်းချမ်းစွာ အကြမ်းမဖက် အာဏာဖီဆန်ရေး ဆန္ဒပြ တောင်းဆိုစဉ်ကာလမှာ ဒီယာဉ်ထိန်းရဲရုံးက ဆူးလေဘုရားကို ချီတက်ရာ အဓိကလမ်းဆုံတခုလည်း ဖြစ်ပါတယ်။ လှိုင်သာယာဘက်က တက်လာသူ‌တွေ၊ ပြည်လမ်းဘက်က တက်လာသူတွေဟာ ဒီယာဉ်ထိန်းရဲရုံးရှေ့က အဓိက ဖြတ်သန်းသွားကြတာ ဖြစ်ပါတယ်။ သူက လူအုပ်ကြီးကို ဦးစားပေး လမ်းရှင်းပေးသူ ဖြစ်ပါတယ်။ မီးပွိုင့်က အချက်ပြမီးကို အားမကိုးဘဲ လမ်းရှင်းပေးပါတယ်။ ချီတက်သူတွေလာတဲ့ လမ်းခရီးကို ဦးစားပေးသူ၊ လမ်းရှင်းပေးသူဖြစ်လို့ သူ့ကို သတိထားမိလာကြတာပါ။ အဲဒီရက်ပိုင်းက သတင်းဌာနတချို့ကပါ ပြည်သူတွေချစ်တဲ့ ယာဉ်ထိန်းရဲတဦးအကြောင်း ရေးသားမျှဝေကြတာကို တွေ့ရပါတယ်။

အခြေအနေတွေ တစတစ တင်းကျပ်လာတဲ့နောက်မှာတော့ မြို့ပေါ်ကနေ လွင့်စင်သွားကြသူ‌တွေထဲ သူ့ကိုပါ မတွေ့ရတော့ပါဘူး။ အကြောင်းတခုခုကြောင့် ဒီယာဉ်ထိန်းရဲရုံးရှေ့က ဖြတ်သွားတိုင်း သူ့ကို လူတချို့က အမှတ်ရနေကြမှာ ဖြစ်ပါတယ်။

အခုတော့ ရုံးနေရာက မြေကွက်လပ်သာ ရှိပါတော့တယ်။ ဒီနေရာမှာ တချိန်က မြင်ကွင်းတချို့ကို တချို့သောသူတွေက ပြန်ပြောင်းပြောပြနိုင်ကြမှာ ဖြစ်ပါတယ်။

ပေါက်ကွဲသံတွေနဲ့ အသားကျလာပါတယ်။ ပေါက်ကွဲ‌သံတွေနဲ့အတူ ဆိုင်ကယ် ဒုန်းစိုင်းမောင်းနှင်သံ၊ အင်ဂျင်ကျနေတဲ့ စစ်ကားတစီး ညအချိန်မတော် ဖြတ်မောင်းသွားတဲ့ အသံတွေကိုလည်း လူတချို့ရဲ့ နားဝမှာတော့ အသားကျသွားလောက်ပြီ ထင်ပါတယ်။ နိုင်ရာနေရာကနေ တွန်းလှန်တော်လှန် နေကြသူတွေအဖို့တော့ ဒီအရာတွေက သွားရင်းလာရင်း ကြုံကြိုက်မယ်ဆို အသစ်ပြန်ဖြစ်တဲ့ အရာတွေပဲလို့ ပြောရမှာ ဖြစ်ပါတယ်။

“ရဲစခန်းနဲ့ မနီးမဝေးမှာ ဖြစ်သွားတဲ့ ထမင်းဝိုင်းထဲက ပစ်ခတ်သံ”

ဒီဆိုင်ခန်းတွေက ညနေပိုင်းမှ ဆိုင်လာခင်းကြပါတယ်။ ညပိုင်းကို အဓိကထား ရောင်းချနေကြတဲ့ဆိုင်တွေ ဖြစ်ပါတယ်။ လမ်းဘေးဆိုင် ဆိုပေမဲ့ လူကုံထံ အသိုင်းအဝိုင်းက လာရောက်စားသောက်ကြတာကိုလည်း တွေ့ရပါတယ်။ အိမ်စီးကား အကောင်းစားစီးပြီး ဆိုင်ကို လာထိုင်စားကြသူတွေ၊ နာမည်ကြီး ပြိုင်ကားအမျိုးအစားစီးပြီး လာရောက်ဝယ်ယူသူတွေ တွေ့ရတဲ့နေရာလည်း ဖြစ်ပါတယ်။ လမ်းဘေးဆိုင်ပဲ ဝယ်စားနိုင်ရမှာပေါ့လို့ တွေးပြီး တခါက ဈေးမေးကြည့်တော့မှ ပုံမှန်လမ်းဘေးဆိုင်တွေထက် ဈေးအဆမတန်များနေတာ၊ ကုန်တိုက်ကြီးပေါ်က ဆိုင်တွေထက် ဈေးကြီးနေပါလားဆိုပြီး သိလိုက်ရပါတယ်။

အဲဒီညဈေးတန်း ထမင်းဆိုင်မှာ ပစ်ခတ်မှုတခု ဖြစ်ပွားပါတော့တယ်။ ပစ်ခတ်သွားတဲ့သူတွေက သူတို့ရဲ့ တယောက်တည်းသော ပစ်မှတ်ကို ပစ်ခတ်သွားပါတယ်။ ပစ်ခတ်ခံရသူ‌ကတော့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားပါတယ်။ လမ်းသူလမ်းသားတွေရဲ့ တိတ်တဆိတ် ပြောသံတွေထဲမှာ စစ်ကောင်စီကို လက်နက်ဝယ်ပေးတဲ့ လက်နက်ကုန်ကူးသူပေါ့။ စစ်ကောင်စီရဲ့ ထောက်တိုင်အကြီးစားကြီးလို့ ပြောလို့ရမယ်။ ဒီလူ အခုလိုဖြစ်သွားတာ တတောရှင်းသွားတာပဲ။ သူရှိနေရင် ကလေး‌တွေကို ဘယ်လောက်တောင် ဒုက္ခပေးမလဲဆိုတာ မသိနိုင်ဘူးလေ။ လမ်းသူလမ်းသားတွေရဲ့ မှတ်ချက်‌တွေက မတရားမှုကို တွန်းလှန်ကြသူ‌တွေအပေါ် စိုးရိမ်မကင်းတဲ့ အရိပ်အယောင်မျိုး ပြကြပါတယ်။ အခင်းဖြစ်ပွားရာ ဆိုင်ခန်း‌တွေ၊ ဆိုင်တန်းတွေကတော့ နောက်ရက်တွေမှာ ပိုနေမြဲ ကျားနေမြဲ ပုံမှန်အတိုင်း ခင်းကျင်းရောင်းချနေတာကို တွေ့ရပါတယ်။

ပေါက်ကွဲသံတွေနဲ့ ပစ်ခတ်သံတွေကို မြို့ပြကြီးမှာ ယဉ်ပါးလာတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ လောက်သာ သဘောထားလာကြတာကို တွေ့လာရပါတယ်။ မတရားမှုကို တော်လှန်နေသူ‌တွေဘက်က အပြစ်ဖို့ ပြောဆိုသံမျိုးတော့ မကြားရပါဘူး။ အသံထွက်အောင် မပြောရဲကြတာမျိုးလား။ အပြစ်ဖို့သံ ကျယ်ကျယ်ထွက်လာရင် သတိပေးခံရမှာကို စိုးရိမ်နေကြတာမျိုးလား ဆိုတာ ကာယကံရှင်တွေကိုယ်တိုင် အသိဆုံးဖြစ်မှာပါ။

ရန်ကုန်မြို့ပေါ်က လေးနေရာမှာ ပေါက်ကွဲမှုတွေ ဖြစ်တဲ့အကြောင်း ရေးသားပြောဆိုကြပါတယ်။ ဒီပေါက်ကွဲသံတွေ နောက်မှာတော့ ကျေနပ်အားရကြမယ့်သူတွေ ရှိသလို ကိုယ့်ကိုယ်ကိုယ် စိုးရိမ်မကင်းကြတဲ့ အဓမ္မဘက်တော်သားတွေလည်း ရှိနိုင်ပြီး တချို့သောသူတွေအဖို့တော့ အသားကျနေတဲ့ ဖြစ်ရပ်အပေါ် ဘယ်လိုမှ မခံစားကြရတော့မယ့် သူတွေလည်း ရှိနိုင်မှာဖြစ်ပါတယ်။

တရားမျှတခြင်းကို ဖုံးကွယ်ကာရံထားသူတွေနဲ့ မတရားခြင်းကို တွန်းလှန်တိုက်ဖျက်နေသူတွေကြား ပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေကို ကြားနေရဦးမှာပါလို့ မိတ်ဆွေ အငှား‌ကားမောင်းနှင်သူက မှတ်ချက်ပြုပါတယ်။ “မတရားမှုကို တွန်းလှန်တာ ကလေးတွေပဲ။ သူတို့ကို အပြစ်တင်လို့မရဘူး။ သူတို့အခွင့်အရေး သူတို့တိုက်ယူတာ။ ကိုယ်တွေက လွတ်အောင်နေပေးရုံပဲ။ တည့်တည့်တိုးလည်း မတတ်နိုင်ဘူးလေ။ ကလေး‌တွေက အသက်ပေးပြီးတော့တောင် လုပ်တာ။ ကိုယ်တွေက ဘာမှမဟုတ်ဘူးလေ။”

တာပလု

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024