Home
မြန်မာသတင်း
အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ စင်ကာပူလေကြောင်းလိုင်း လေယာဉ်ပေါ်တွင် မြန်မာ ၂ ဦးပါဝင်
DVB
·
May 22, 2024
SGP3_22052024
SGP_22052024
SGP2_22052024

စင်ကာပူလေကြောင်းလိုင်းပိုင် ဘိုးရင်း 777-300ER အမျိုးအစား လေကြောင်းခရီးစဉ် အမှတ် SQ321 လေယာဉ်ဟာ ဗြိတိန်မြို့တော် လန်ဒန်ဟီးသရိုး လေဆိပ်ကနေ စင်ကာပူလေဆိပ်ဆီ ပျံသန်းလာရာလမ်း ဧရာဝတီမြစ်ဝှမ်းအလွန် အမြင့်ပေ ၃၇၀၀၀ မှာ ဆိုးရွားပြင်းထန်တဲ့ လေထုမငြိမ်သက်မှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။

ဒါကြောင့် ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်ကို မေ ၂၁ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၄၅ မိနစ် အချိန်မှာအရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်ကြောင့်လေယာဉ်ပေါ်မှာလိုက်ပါလာတဲ့ အသက် ၇၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသား တဦး သေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၂၁၁ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၁၈ ဦးတို့ လိုက်ပါလာတာ ဖြစ်ပြီး အဲ့ဒီထဲမှာ မြန်မာနိုင်ငံသား ၂ ဦးလည်း ပါဝင်နေတယ်လို့ အဲလိုင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ တွေ့ရပါတယ်။

လေယာဉ်ပေါ်မှာ ဩစတြေးလျနိုင်ငံသား ၅၆ ဦးနဲ့ အများဆုံး လိုက်ပါလာပြီး စင်ကာပူနိုင်ငံသား ၄၁ ဦး၊ မလေးရှား ၁၆ ဦး၊  နယူးဇီလန်က ၂၃ ဦး၊ ယူနိုက်တက်ကင်းဒမ်းက ၄၇ ဦးအပြင် ကနေဒါ၊ ဂျာမနီ၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ စပိန်၊ အမေရိကန်၊ အိုင်ယာလန်၊ အင်ဒိုနီးရှား၊ အစ္စရေးနဲ့ အိုက်စ်လန်နိုင်ငံက ခရီးသည်တွေလည်း လိုက်ပါလာပါတယ်။

ခရီးသည်တွေနဲ့ ဝန်ထမ်းတွေအတွက် စင်ကာပူ လေကြောင်းလိုင်း၊ စင်ကာပူ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၊ စင်ကာပူ နိုင်ငံခြားရေးဌာန၊ စင်ကာပူ အရပ်ဘက် လေကြောင်း အာဏာပိုင် အဖွဲ့တို့က ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း  လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေကို အနက်ရှိုင်းဆုံး စာနာကြောင်း စင်ကာပူ လေကြောင်းလိုင်း စီအီးအို ဂိုချွန်းပေါင်က လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ဗွီဒီယို မက်ဆေ့ ပေးပို့ခဲ့ပါတယ်။

စင်္ကာပူနိုင်ငံကို သွားရောက်မယ့် ခရီးသည်တွေကိုလည်း နေအိမ် ဒါမှမဟုတ် ဟိုတယ်နဲ့ သယ်ယူပို့ဆောင်ရေးတွေ စီစဉ်ပေးထားပြီး ရှေ့ဆက်သွားရမယ့် ခရီးသည်တွေကိုလည်း တခြားလေကြောင်းလိုင်းတွေမှာ ပြန်လည် အမည်စာရင်းသွင်းထားပြီးဖြစ်သလို နောက်တကြိမ် လေယာဉ်ပျံသန်းချိန်အထိ အနားယူနိုင်ဖို့ တည်းခိုစရာနေရာတွေ စီစဉ်ပေးထားခဲ့တယ်လို့ စင်ကာပူအဲလိုင်းက ကြေညာပါတယ်။

ဒီကနေ့ မေလ ၂၂ ရက်နေ့ မနက် ၅ နာရီဝန်းကျင်အထိ ခရီးသည် ၇၉ ဦးနဲ့ အမှုထမ်း ၆ ဦးဟာ ဘန်ကောက်မှာ ကျန်ရှိနေဆဲ ဖြစ်ပြီး ဆေးကုသမှု ခံယူနေရသူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ မိတ်ဆွေတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို သက်ဆိုင်ရာ အာဏာပိုင်များနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့လည်း အဲလိုင်းက ကြေညာထားပါတယ်။

Photo -Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013