Home
မြန်မာသတင်း
ရွှေညောင်ပင် ခမရ ၃၂၁ ကို KIAသိမ်းပိုက်၊ မံစီနှင့်မိုးမောက်စခန်းများမကျရေး စခန်းပြင်ထွက်ပြီး ခုခံနေ
DVB
·
May 22, 2024
KIA_21052024

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာအနီးက ခမရ ၃၂၁ တပ်စခန်းကို (KIA) က မေ ၂၁ ရက်ညမှာ သိမ်းပိုက်နိုင်ခဲ့သလို မံစီမြို့အနီးက ခမရ ၃၁၉၊ ၆၀၁ နဲ့ မိုးမောက်မြို့အနီး ခမရ ၄၃၇ တပ်စခန်းတွေက တပ်သားတွေ တပ်စခန်းအပြင်ကို နေရာယူပြီး တပ်စခန်းမကျရေး အတွက် ခုခံနေကြတယ်လို့ ရှေ့တန်းက KIA တပ်သားတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

ရွှေညောင်ပင် ခမရ ၃၂၁ ကို ည ၈ နာရီခွဲဝန်းကျင်မှာ သိမ်းပိုက်ရရှိတာဖြစ်ပြီး ည ၁၀ နာရီခွဲ အချိန်အထိ မြစ်ကြီးမြို့ မပခ တိုင်းစစ်ဌာနချုပ်ဘက်ကနေ လက်နက်ကြီး အပါအဝင် အတွဲလိုက်ပစ်တဲ့ ဒုံးတွေနဲ့ကော ပစ်ခတ်နေတယ်လို့ ပြောပါတယ်။

“ရွှေညောင်ပင် သိမ်းနိုင်ပြီဆိုတာတော့ စက်ကနေ ကြားရတယ်၊ သိမ်းပြီးတဲ့နောက်လဲ မပခ ကနေ မက်ဇိုင်းလို ဒုံးတွေနဲ့ ဆက်တိုက်ပစ်နေတာတွေရှိတယ်၊ လေယာဉ်တွေလည်း ဝဲနေတုန်း၊ လက်နက်ကြီး ပစ်တာတွေ ပြင်းထန်တယ်လို့ ပြောရမယ်၊ အခုတော့ အဲလောက်ပဲ သိရသေးတယ်။”

ဝိုင်းမော်မြို့အနီးက ခလရ ၅၈ တပ်ရင်း ပတ်ဝန်းကျင်နဲ့ ရွှေညောင်ပင် နဲ့ ဝိုင်းမော်မြို့ ကြားမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ် (KIA) ရဲဘော်တွေကလည်း ဝိုင်းမော်မြို့အနီး တမိုင်အကွာ အဝေးအထိနေရာ ယူထားဆဲ ဖြစ်သလို စစ်ကောင်စီဘက်ကလည်း ဝိုင်းမော်မြို့ထဲ KIA မဝင်ရောက်နိင်ရေးအတွက် ခတ်ချိုလမ်းခွဲပတ်ဝန်းမှာ အင်အားအများအပြားနဲ့ ခုခံနေတယ်လို့ ရှေ့တန်းတပ်သားတွေနဲ့ နီးစပ်သူက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်က စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေဆဲဖြစ်တဲ့ မိုးမောက်နဲ့ မံစီက စစ်ကောင်စီတပ်သားတွေ စခန်းပြင်ပမှာ နေရာဖြန့်ကျက်ပြီး ခုခံနေတယ်လို့ ဆက်ပြောပါတယ်။

“မိုးမောက် ၄၃၇ မှာလည်း စခန်းအပြင်မှာ ဖြန့်ပြီး နေရာယူထားတယ်။ အဲဒါကို ကျနော်တို့ စခန်းထဲကို မောင်းသွင်းပြီးပြီ၊ လစ်ရင် လစ်သလို စခန်းပြင်ထပ်ပြီး ထွက်လာသေးတယ်၊ ထပ်ပြီး မောင်းထည့်ရတာရှိတယ်။ မံစီ ၆၀၁ ကော အဲလိုပဲ စခန်းအပြင်ထွက်ပြီး နေရာယူထားတာ။ အဲဒါတွေကို စခန်းထဲ မောင်းသွင်းပြီး တိုက်နေရတုန်းပဲ။ အခုသိမ်းထားတဲ့ ဝိုင်းမော်ဘက်လည်း အဲလိုပဲ သူတို့ (စကစ) စစ်ကစားနေတယ်။” 

မံစီမြို့ အနီး ခမရ ၆၀၁ တပ်စခန်းတည်ရှိတဲ့ ကောင်ဂျာယန်ကျေးရွာ ပတ်ဝန်းကျင်ကိုလည်း မေ ၂၁ ရက် မနက်ကစတင်ပြီး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မံစီမြို့အနီးက ခမရ ၆၀၁ နဲ့ ၃၁၉ တပ်စခန်းတွေကိုလည်း ကချင်လွတ်လပ်ရေးတပ်က မေ ၂၁ ရက် ညနေမှာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတယ်လို့ KIA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

မံစီနဲ့ မိုးမောက်မြို့ဘက်ကို ဗန်းမော်မြို့မှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီးတွေ တစ်နေကုန် ပစ်ခတ်နေတယ်လို့ ဗန်းမော်မြို့ခံတွေကနေ သိရပါတယ်။

မိုးမောက်နဲ့ မံစီမြို့က စစ်ကောင်စီတပ်ရင်းတွေကို မေ ၇ ရက်နေ့ကနေ တိုက်ခိုက်နေတာဖြစ်ပြီး ဝိုင်းမော်မြို့ ပတ်ဝန်းကျင်က စစ်ကောင်စီတပ်စခန်းတွေကိုတော့ မေ ၁၈ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သိမ်းပိုက်ရရှိထားတဲ့ ရွှေညောင်ပင် တပ်စခန်းဟာ မပခ တိုင်းစစ်ဌာနချုပ်ရဲ့ ဧရာဝတီမြစ် တဖက်ကမ်းမှာရှိတဲ့ တပ်စခန်းဖြစ်ပြီး ဝိုင်းမော်မြို့ကို ထိန်းချုပ်နိုင်ဖို့ ခလရ ၅၈ တပ်စခန်းသာ ကျန်ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013