ဧရာဝတီတိုင်း လပွတ္တာမြို့ပေါ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ မေ ၁၅ ရက် ညက ဗုံးပေါက်ကွဲ မှုဖြစ်စဉ်နဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး ဒေသခံ အမျိုးသား ၇ ဦးကို စစ်တပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ အသက် ၁၉ နှစ်ကျော် လူငယ်အမျိုးသား ၃ ဦး အပါအဝင် လူငယ် ၇ ဦးကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့လာပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
လပွတ္တာမြို့ခံတဦးက “ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်တယ်။ စစ်ဆေးဖို့ ရှိတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခဲ့တာ။ ၁၅ ရက်က ၃ ယောက်နဲ့ မနေ့ ၁၉ ရက်က ၄ ယောက် ဖမ်းဆီးခဲ့တာ။ စစ်ကား ၂ စီးနဲ့ စစ်ကောင်စီတပ်က လာဖမ်းသွားတာ” လို့ ပြောပါတယ်။
လက်ရှိ ဖမ်းဆီးခံရသူတွေကို လပွတ္တာရဲစခန်းမှာ ချုပ်နှောင်စစ်ဆေးနေပြီး ဘယ်ပုဒ်မနဲ့မှ အမှု မဖွင့်ထားသေးဘူးလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတဦးက “ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်တယ်ဆိုတော့ မသိရသေးဘူး။ စစ်ကောင်စီတပ်က ရမ်းသန်းဖမ်းစစ်ဆေးတာ။ ငွေညှစ်ပြန်လွှတ် လုပ်မလို့ ဖမ်းတာ။ လူငယ်တွေ၊ အမျိုးသားတွေချည်းပါပဲ အဖမ်းခံရတာက”လို့ ပြောပါတယ်။
အဲ့ဒီအုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က အမှတ် ၄ ရပ်ကွက် အပါအဝင် မြို့အဝင်အထွက်နေရာတွေမှာ မေ ၁၆ ကနေ ၂၀ ရက်အထိ နေ့စဉ် စစ်ဆေးခဲ့ပါတယ်။
ဧပြီလကလည်း ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ရဲ့ နေအိမ်မှာ ဗုံးကွဲမှုဖြစ်ခဲ့ပြီး နေအိမ်ရဲ့ အမိုးနဲ့ အသုံးအဆောင် ပစ္စည်းတချို့ ပျက်စီးခဲ့ကာ အဲဒီတုန်းကလည်း မြို့ခံ အယောက် ၂၀ ထက်မနည်း ဖမ်းဆီးစစ်ဆေးခံခဲ့ရပါတယ်။