ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့ကို ချင်းအမျိုးသားတပ်ဦး CNF ဦးဆောင်တဲ့ ချင်းပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီလို့ ကျီခါးဒေသခံတွေဆီက သိရပါတယ်။
မေ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ကျီခါးမြို့ စစ်တပ်ကုန်းနဲ့ ရဲစခန်းကုန်းကို ချင်းပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးပြီး မြို့ကို ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။
ကျီခါးမြို့က စစ်ကောင်စီတပ်သားနဲ့ ရဲတွေကို မေ ၁၁ ရက်နေ့ကတည်းက ရဟတ်ယာဉ်နဲ့ တွန်းဇံမြို့ပေါ်ကို စစ်ကူအနေနဲ့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ကျီခါး ဒေသခံတယောက်က “နေ့လယ် ၁ နာရီလောက်ဝန်းကျင်မှာ သိမ်းလိုက်တာ။ ကျီခါးက တွန်းဇံမြို့ထဲနဲ့ ၅၃ မိုင်လောက်ဝေးတယ်။ စစ်တပ်ကုန်းနဲ့ ရဲကုန်းမှာ အင်အား မရှိတော့ဘူး။ တွန်းဇံကို ပြီးခဲ့တဲ့အပတ်က ရွှေ့သွားကြပြီ။ ZRA နဲ့ စစ်သား နည်းနည်းပဲရှိတယ်။ အင်အား ၃၀၊ ၄၀ ဝန်းကျင်ပေါ့” လို့ ပြောပါတယ်။
တွန်းဇံမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ CNF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့အတွက် ကျီခါးမြို့ပေါ်က ပြည်သူ ၂,၀၀၀ ကျော်ဟာလည်း အိန္ဒိယနယ်စပ်ကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ကျီခါးမြို့ကို သိမ်းပိုက်လိုက်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။