စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း တင်သားရွာမှာ ဒေသခံအမျိုးသားတယောက် သေဆုံးပြီး အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တင်သားရွာခံတွေက ပြောပါတယ်။
မေ ၁၇ ရက်နေ့ ည ၉နာရီဝန်းကျင်က တင်သားရွာနဲ့ ၃ မိုင်အကွာမှာရှိတဲ့ စစ်ကောင်စီတပ်စွဲရာ ကြံသာရွာကနေ တင်သားရွာဘက်ကို လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့တာမှာ အမှတ် ၁ ရပ်ကွက်မှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် အသက် ၆၀ ဝန်းကျင်ရှိတဲ့ ဦးဝင်းမောင်ဟာ ကျော ထုတ်ချင်းပေါက်လို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး သေဆုံးသူရဲ့အိမ်တောင်ဘက်က အသက် ၄၀ ဝန်းကျင်အရွယ် မကြည်ဆန်းဟာလည်း လက်မောင်းမှာဒဏ်ရာရရှိသွားခဲ့တယ်လို့ တင်သားရွာခံတယောက်က ပြောပါတယ်။
“လက်နက်ကြီးက ၂ လုံးပစ်တာ။ တလုံးက အမှတ် ၁ ကိုကျတာလေ။ နောက်တလုံးက ဘယ်ကျလဲတော့မသိဘူး။ အမှတ် ၁ ကိုက လက်နက်ကြီးက သိပ်မကျဘူး။ ကျခဲတယ်။ ဦးဝင်းမောင်ကတော့ ည လက်နက်ကြီးမှန်လို့ဆုံးပြီး မနက် သင်္ဂြိုဟ်လိုက်ရတယ်” လို့ပြောပါတယ်။
စစ်ကောင်စီဟာ အရပ်သားတွေနေထိုင်တဲ့ တင်သားရွာဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်လေ့ရှိပြီး စစ်ကောင်စီရဲ့လက်နက်ကြီးရန်ကြောင့် တင်သားရွာ တောင်ပိုင်းက ဒေသခံ ၅,၀၀၀ ဝန်းကျင်ဟာလည်း ကျေးရွာတွင်းကနေ တိမ်းရှောင်နေကြရတာ ၃ လ ဝန်းကျင်ရှိနေပြီလို့ ဆိုပါတယ်။
မေ ၃ ရက်နေ့ကလည်း စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် တင်သားရွာ အမှတ် ၂ ရပ်ကွက်က မယုအေးဟာ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။