Home
မြန်မာသတင်း
မြိုင်မြို့ပေါ်ကို PDF ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်
DVB
·
May 19, 2024
Myaing PDF_19052024

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီဂိတ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေပူးပေါင်းတိုက်ခိုက်ခဲ့ပြီး မြို့ကိုသိမ်းနိုင်ဖို့ ရှေ့ဆက်ဖိအားပေးသွားမယ်လို့ PDF တွေက ပြောဆိုလိုက်ပါတယ်။

မြိုင်မြို့ပေါ်က မီးသတ်ရုံးနဲ့ AGD ဘဏ်နေရာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မေ ၁၇ ရက် ညနေပိုင်းမှာ PDF ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပစ်ခတ်ခြိမ်းခြောက် ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် မြိုင်မြို့ကို သာမန်အရပ်သားပြည်သူအများစုက စွန့်ခွာခဲ့ကြပြီး စစ်ကောင်စီတပ်သားတွေနဲ့ Non CDM တွေသာ ကျန်နေခဲ့တာပါ။

အင်အား ၂၀ ဝန်းကျင်စီချထားတဲ့ မီးသတ်ရုံးနဲ့ AGD ဘဏ်အနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်စခန်းတွေကို PDF တွေကသိမ်းယူနိုင်ခဲ့ပြီး ထိခိုက်ကျဆုံးမှုကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ကျားသစ်နက်တပ်မတော်မှ  ဥက္ကာက "မေလ ၁၇ ရက်နေ့မှာ ညနေ ၄ နာရီလောက်မှာ စပြီးဝင်တာပေါ့။ အခုကသူတို့ အတွင်းထဲဘက်ကိုဆုတ်သွားတဲ့ အထိုင်စခန်းသေးသေးတွေပေါ့။ မီးသတ်တို့ AGD ဘဏ်တို့မှာ တပ်စွဲထားတဲ့ စစ်သားတို့ ရဲတို့ကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဗျ။ ညနေ ၅ နာရီမှာ စဖြစ်တယ်။ ၆ နာရီမှာတိုက်ပွဲပြီးတယ်လို့ ပြောလို့ရတယ်။ အနီးကပ်ပစ်ခတ်တိုက်ခိုက်မှုကတော့ ၄၅ မိနစ်လောက်ကြာခဲ့တယ်။ နေရာကတော့ မီးသတ်စခန်းနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ AGD ဘဏ်ပေါ့၊ အဲ့ဒီမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်”လို့ပြောပါတယ်။ 

မကွေးတိုင်းခရိုင် ၇ ခုမှာ မြောက်ပိုင်းခရိုင် ၂ ခုဖြစ်တဲ့ ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်တွေမှာသာ PDF တွေအားကောင်းနေပြီး ကျန်တဲ့ မကွေး၊ သရက်၊ ချောက်၊ အောင်လံ၊ မင်းဘူးခရိုင်တွေမှာတော့ စစ်ကောင်စီကိုခုခံဖို့ လက်ရှိအချိန်အထိ ပြင်ဆင်စုဆောင်းနေရဆဲဖြစ်တယ်လို့ ဒေသခံနိုင်ငံရေးသမား တဦးကပြောပါတယ်။

ကျေးလက်ဒေသအများစုကိုတော့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက စိုးမိုးထားပေမဲ့ မြို့ပေါ်နေရာတွေကိုတော့ စစ်ကောင်စီက ပီပီပြင်ပြင်ထိန်းချုပ်ထားတဲ့ အနေအထားမှာပဲရှိနေ တာပါ။

မကွေးဒေသခံနိုင်ငံရေးသမားတဦးက "ကျနော်တို့ မကွေးမှာလည်း ခရိုင် ၅ ခုရှိတာမှာ မြောက်ပိုင်းခရိုင် ၂ ခုဖြစ်တဲ့ ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင်လောက်ပဲ ခုခံနိုင်တဲ့အနေအထားရှိတာပေါ့၊ ကျန်တဲ့ခရိုင်တွေကတော့ ခုမှစုဖွဲ့ကြတုန်း တည်ဆောက်ဆဲပေါ့လေ။ မကွေးခရိုင်တို့ဘက်က ကြတော့ PDF လူငယ်တော်တော်များများက ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်မှာရှိတဲ့ တောတောင်တွေထဲမှာ လာရောက်ခိုအောင်းပြီးတော့မှ စစ်ပညာသင်ရတဲ့ အနေအထားလေးတွေလည်းရှိတဲ့အခါကျတော့ ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်ကတော့ မကွေးတိုင်းမှာတော့ ခုခံအားကောင်းတယ်လို့ပြောလို့ရတာပေါ့။"

စစ်ကောင်စီယန္တရားရုံးတွေ အခြေစိုက်ရာ မြိုင်မြို့ပေါ်မှာ အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေအပါအဝင် ပြည်သူ ၁၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

မကွေးတိုင်းမှာ တနိုင်တပိုင် ရေနံတွင်းလုပ်ကွက်တွေ အများအပြားရှိနေပြီး ဒီလုပ်ငန်းတွေကနေ PDF တွေဆီ ငွေကြေးစီးဆင်းမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက မီးရှို့ဖျက်ဆီး ခြိမ်းခြောက်တာတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013