ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ မေ ၁၈ ရက် နေ့က စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေနဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မကွေးတိုင်း၊ မြိုင်မြို့ပေါ်က စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၆ ယောက် သေဆုံးခဲ့ပါတယ်။
ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့က ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကေအိုင်အေနဲ့ နီးစပ်သူတယောက်က “မနက် ၄ နာရီလောက်ကတည်းက ထိုးစစ်ဆင် တိုက်နေတာ။ တော်တော်များများတော့ ကေအိုင်အေက သိမ်းထားနိုင်တယ်။ ညနေ ၃ နာရီလောက်အထိ ဝိုင်းမော်မြို့နယ်ထဲက တပ်စခန်း ၈ ခုလောက်သိမ်းထားနိုင်တယ်” လို့ ပြောပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်းချထားတဲ့ ဝထောင်ဘွမ်စခန်း အင်လုံခရွာ စခန်း၊ အင်းလေးစခန်း၊ ၉ မိုင်စခန်း၊ အောင်မြေ ၁ စခန်း၊ အောင်မြေ ၂ စခန်း၊ ခမရ ၃၂၁ ပွိုင့်ကုန်းနဲ့ ကဇူးတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေက သိမ်းပိုက် ထားပါတယ်။
ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ရွှေညောင်ပင်စခန်း၊ အောင်မြေ ၁ စခန်း၊ အောင်မြေ ၂ စခန်း၊ အင်လုန်ခ ပြည်သူ့စစ်တပ်စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။
မကွေးတိုင်း၊ မြိုင်မြို့မှာတော့ မြို့ပေါ်က စစ်ကောင်စီတပ်သားတွေ အထိုင်ချ တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၆ ယောက် သေဆုံးခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်-Black Leopard Army မြိုင်တပ်ဖွဲ့က မေ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မေ ၁၇ ရက်နေ့ ညနေ ၅ နာရီမှာ မြိုင်မြို့ပေါ်မီးသတ်ရုံးအနီးက စစ်ကောင်စီတပ်ဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင် အင်အား ၅၀ လောက်နဲ့ ၃ ဖွဲ့ခွဲပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ကျားသစ်နက်တပ်မတော် တာဝန်ရှိသူက “သူတို့ဘက်က အင်အားကတော့ ခန့်မှန်း ၁၀၀ လောက်ရှိမယ်ဗျ။ ၁၇ ရက်နေ့ ညနေ ၅ နာရီလောက်က စ ကပ် တယ်ဗျ။ ညနေ ၅ နာရီ ၃၀ မိနစ်မှာ လက်လုပ်လက်နက်ကြီး(၅၀ မမ)၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တယ်။ အိမ်တလုံးလောက်ပဲကွာတယ်။ ညနေ ၆ နာရီ ၃၀ မိနစ်မှာ ပြန်ဆုတ်ခဲ့တယ်။ ခွေးဘက်က ကျဆုံးရှိတယ်၊ ထိခိုက်တာတွေများတယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော်တယောက်ကျည်ရှပ်ထိတာဗျ။ ထိတာကတော့ မစိုးရိမ်ရပါဘူးဗျ” လို့ ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်ချိန် ၁ နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၆ ယောက် သေဆုံး၊ ဒဏ်ရာရရှိသူများပြားတယ်လို့ ဆိုပါတယ်။
“သတင်းပေးသူ ပြောပြချက်အရ တိုက်ပွဲအတွင်း ၆ ကောင်သေလို့ သိရပါတယ်ဗျ။ ထိခိုက်ဒဏ်ရာရလည်း များတယ်လို့သိရပါတယ်။ သူတို့ ဆေးတပ်ဖွဲ့ဝင်နဲ့ပဲကုတယ်ဗျ။ အရေးပေါ်အခြေအနေတွေမှ တခြားဘက်ကို လွှဲတာပါ။ ဘယ်မှာကုနေလဲတော့ အတိအကျမသိရသေးပါဘူးဗျ” လို့ ဆက်ပြောပါတယ်။
မြိုင်မြို့ပေါ်မှာ စစ်ကောင်စီတပ်သား အင်အား ၂၀၀ လောက်ရှိပြီး မြို့ထဲလမ်းတွေမှာ စစ်ဆေးနေသလို လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။