Home
နိုင်ငံတကာ
ဂါဇာကိုလာသည့် ထောက်ပံ့ရေးထရပ်ကားများ  မီးလောင်ပျက်စီး
DVB
·
May 19, 2024
SupplyTrucksFireGaza_19052024

အစ္စရေးတို့သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ဂါဇာကမ်းမြောင်ဒေသကို ပို့ဆောင်ရောင်းချမယ့် ကုန်ပစ္စည်းတွေကို တင်ဆောင်လာတဲ့ ထရပ်ကားအများအပြား မီးလောင်ပျက်စီးခဲ့ပါတယ်။

သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရှိ ဟဲဘရွန်မြို့ အပြင်ဖက်ရှိ တာခူမီယာ စစ်ဆေးရေးဂိတ်အနီးမှာ ကုန်တင်ကားတွေ မီးလောင်ပျက်စီးနေပြီး ကားတွေပေါ်က ကုန်စည်တွေကို လမ်းပေါ်မှာ ဖြည်ချထားပါတယ်။

မီးသတ်သမားတွေက မီးငြှိမ်းသတ်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် မော်တော်ယာဉ်တွေနဲ့ ကုန်ပစ္စည်းတွေကတော့ ပျက်စီးသွားပါပြီ။

ပြင်းထန်တဲ့ ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းကို ရင်ဆိုင်နေကြရတဲ့ ဂါဇာကမ်းမြောင်ကို ကုန်စည်အပါ ထရပ်ကား အစီး ၇၀ စေလွှတ်ဖို့ စီစဉ်ထားတာဖြစ်ကြောင်း ဟဲဘရွန်မြို့ စားသောက်ကုန်ရောင်းဝယ်ရေးအသင်း အကြီးအကဲ ဝါဆီးမ် အလ်ဂျဘာရီက ပြောပါတယ်။

ကုန်ပစ္စည်းတွေကို တင်ဆောင်နေချိန်မှာပဲ အခြေချနေထိုင်သူတွေဟာ အဲဒီ ထရပ်ကားတွေကို တိုက်ခိုက်ခဲ့ပြီး ကုန်ပစ္စည်းတွေကိုလည်း ဖျက်ဆီးပြီးတော့ ထရပ်ကားတွေကို စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ကြောင်း ဝါဆီးမ် အလ်ဂျဘာရီက ပြောဆိုခဲ့ပြီး တိုက်ခိုက်မှုဖြစ်ပွားနေချိန်မှာလည်း အစ္စရေးစစ်သားတွေအနားမှာ ရှိနေခဲ့ကြောင်း သူက ပြောကြားခဲ့ပါတယ်။

အစ္စရေး ဆန္ဒပြသူတွေဟာ ယာဉ်မောင်းတချို့ကို ရိုက်နှက်ခဲ့ပြီး ဖျက်ဆီးခံရမှုကြောင့် ထရပ်ကား ၁၅ စီးလောက် ပျက်စီးခဲ့ပြီး ဒေါ်လာ ၂ သန်းလောက် ထိခိုက်နစ်နာသွားကြောင်း အနောက်ဘက်ကမ်း အခြေစိုက် ကုန်တင်ကားများသမဂ္ဂ အဖွဲ့ဝင် အဒယ်လ်အေမာက ပြောပါတယ်။ စစ်တပ်ရှိနေချိန်တောင်မှ ယာဉ်တန်းဟာ အန္တရာယ်ရှိနေဆဲ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

တနင်္လာနေ့ က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို “အော်ဒါ နိုင်း” လို့ သူတို့ဖာသာ နာမည်ပေးထားတဲ့အဖွဲ့က သူတို့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒါဟာ ဟားမတ်စ်တွေဆီကို ထောက်ပံ့ရေးပစ္စည်းတွေ ရောက်ရှိသွားမှာကို ရပ်တန့်ဖို့နဲ့ အစ္စရေးအစိုးရကိုလည်း အစ္စလာမ္မစ်အုပ်စုဆီ လက်ဆောင်ပေးနေတယ် လို့ စွပ်စွဲထားပါတယ်။

အစ္စရေး ရဲတပ်ဖွဲ့ကတော့ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ လူအများအပြား ဖမ်းဆီးခံခဲ့ရပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းကလည်း အဲဒီဖြစ်ရပ်ကို ရှုတ်ချခဲ့ပြီး တိုက်ခိုက်သူတွေကို  တာဝန်ယူစေဖို့  အစ္စရေးကို တောင်းဆိုခဲ့ပါတယ်။

ပါလက်စတိုင်းနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အနောက်ဖက်ကမ်း အခြေချနေထိုင်သူတွေဟာ ပါလက်စတိုင်းတွေကို တိုက်ခိုက်ချိန်မှာ အစ္စရေးစစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က ကြားဝင်ဖျန်ဖြေပေးဖို့ကို တမင်တကာ ပျက်ကွက်ခဲ့တယ်လို့ ဝေဖန်နေကြပါတယ်။ 

Source/Photo - REUTERS/Mussa Qawasma

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013