Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ မိုးသက်လေပြင်းကြောင့် လူနေအိမ်၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ပျက်စီး
DVB
·
May 19, 2024
AyeYarWaddy Windy 1_19052024
AyeYarWaddy Windy 2_19052024
AyeYarWaddy Windy 3_19052024
AyeYarWaddy Windy 4_19052024
AyeYarWaddy Windy 5_19052024

ဧရာဝတီတိုင်းမှာ အခုမေလ သီတင်း ၂ ပတ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုတွေကြောင့် ဘုန်းတော်ကြီးကျာင်း ၃ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်းနဲ့ လူနေအိမ် ၆၇ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

မေ ၁ ရက်ကနေ  ၁၅ ရက်အတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၂၈ လုံး လုံးဝပြိုကျ ပျက်စီးခဲ့ပြီး ၃၉ လုံး အမိုးလန် ပျက်စီးခဲ့ကာ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်း ပြိုကျခဲ့သလို စာသင်ကျောင်း ၁ ကျောင်း အမိုးလန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက သဘာဝေဘး ကာကွယ်ရေးနှင့် ကူညီရေးအဖွဲ့တာဝန်ရှိသူ တဦးက ''လေပြင်းဒဏ်ကြောင့် လူနေအိမ်တွေ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေလည်း ပျက်စီးခဲ့ပါတယ်။ ပြည်သူတွေကမိမိတို့ ဒေသ သဘာဝဘေးဖြစ်စဉ်တွေကို အမြဲစောင့်ကြည့် သတိလေးနဲ့နေထိုင်ကြဖို့အကြံပြုပြောချင်ပါတယ်။ အခုလို လေပြင်းဘေးတွေက မိုးဦးကာလမှာ ပိုသတိထားဖို့လိုပါတယ်” လို့  ပြောပါတယ်။

လေပြင်းဒဏ်ကြောင့် လုံးဝပျက်စီးသွားတဲ့ နေအိမ်၂၈ လုံးဟာ  ကျောင်းကုန်းမြို့နယ်က ၂၄ လုံး၊ ဟင်္သာတမြို့နယ်က ၃ လုံးနဲ့ သာပေါင်းမြို့နယ်က ၁ လုံးဖြစ်ပါတယ်။ အမိုးလန်ပျက်စီးခဲ့တဲ့အိမ် ၃၉ လုံးကတော့ ဟင်္သာတမြို့နယ်က ၂ လုံး၊ ကျောင်းကုန်းမြို့နယ်က ၃၆ လုံး၊ သာပေါင်းမြို့နယ်က ၁ လုံးဖြစ်ပါတယ်။ ဘုန်းတော်ကြီး ကျောင်း ၃ ကျောင်းက ကျောင်းကုန်းမြို့နယ်နဲ့ စာသင်ကျောင်း ၁ ကျောင်းမှာ ကန်ကြီးထောင့်မြို့နယ်က ဖြစ်တယ်လို့ သိရပါတယ်။

ကန်ကြီးထောင့်ဒေသခံတဦးက ''အမိုးလန်တဲ့ကျောင်းက ကန်ကြီးထောင့်မြို့နယ်၊ ညောင် ချောင်းကျေးရွာအုပ်စု၊ ညောင်ချောင်း ကျေးရွာက အခြေခံပညာ အလယ်တန်း ကျောင်းထဲက ကျောင်းဆောင်ပါ။ ကျောင်းဆောင်က အခိုင်အမာကြီးပါ၊ လေက အရမ်းပြင်းတော့ အထပ်လိုက် ကျွတ်သွားတာ အမိုးတွေ”လို့ ပြောပါတယ်။

လေပြင်းဒဏ်ကြောင့် ညောင်ချောင်၊ ကိုင်းတာ၊ မိုးမခ၊ အစုကြီး၊ ကျောင်းအိုင်၊ ရွာသာကုန်း၊ ငါးဖား၊ ဂျိုးဂေါင်း၊ ရိုးကြီး၊  ချောင်းဖျားကြီး စတဲ့ကျေးရွာအုပ်စုတွေမှာ ပျက်စီးဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

လေပြင်းဒဏ်ကြောင့် လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာတော့မရှိဘဲ လေဘေးသင့် မိသားစုတွေကတော့ နီးစပ်ရာ အသိမိတ်ဆွေတွေနဲ့  ဘုန်းတော်ကြီးကျောင်းတွေမှာ ခေတ္တပြောင်းရွှေ့ နေထိုင်နေရတယ်လို့ သိရပါတယ်။

PHOTO- တော်ဝင်/ MOI

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013