Home
မြန်မာသတင်း
ဖောင်းပြင်ဒေသခံ ၆ ဦးကို စစ်တပ် သတ်ဖြတ်၊ လက်နက်ကြီးကြောင့် သထုံနှင့် ဘီးလင်းက ကလေး ၂ ဦး ဒဏ်ရာရ
DVB
·
May 19, 2024
ThaHtonVIctims_19052024
PhaungPyinFireSAC_19052024

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက ၁၃ နှစ်အရွယ်ကလေး အပါအဝင် ၆ ဦးကို သတ်ဖြတ်ကာ ရွာကို မီးရှို့ခဲ့ပြီး မွန်ပြည်နယ်၊ ဘီးလင်းနဲ့ သထုံမြို့နယ်တို့မှာတော့ တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ပစ်လို့ ကလေး ၂ ဦး ဒဏ်ရာရသွားပါတယ်။

ဖောင်းပြင်မြို့နယ်၊ အင်းဝိုင်းကျေးရွာကို မေ ၁၇ ရက် မနက် ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ၁၃ နှစ်အရွယ် ကလေး တဦးနဲ့ ဒေသခံ ၅ ဦးကို သတ်ဖြတ်သွားပြီး ဖမ်းဆီးခံရသူတွေလည်း ရှိသလို ရွာကိုလည်း မီးရှို့သွားတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “အင်အား ၁၅၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ရွာကို မနက်အစောကြီး ဝင်စီးနင်းတယ်။ ၆ ယောက်ကို သတ်သွားတယ်။ သူတို့စစ်ကြောင်းနောက်ကို ပေါ်တာဆွဲခံရတဲ့သူတွေလည်း ရှိတယ်။ ဘယ်နှယောက် ပါသွားလဲတော့ မသိရသေးဘူး။ ရွာကလူတွေ ပျောက်နေတာတော့ များတယ်။ ပျောက်နေတဲ့အထဲမှာ အမျိုးသမီးတွေလည်း ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မောင်စိုးထက်ဦး၊ ဦးသန်းလှ၊ ဦးသံလုံး၊ ဒေါ်လှသိန်း၊ ဒေါ်ခင်စန်းအေး၊ ဒေါ်ဇာဇာမြင့် တို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်းဝိုင်းရွာကနေ နေရပ်စွန့်ခွာ ထွက်ပြေးလာသူတဦးက “နေအိမ်တွေကိုလည်း မီးရှို့သွားကြတယ်။ တချို့အိမ်တွေထဲမှာ ပြာကျလုနီးနီးဖြစ်နေပြီး ရုပ်ဖမ်းမရတော့ဘဲ မီးကျွမ်းနေတာတွေတောင် တွေ့နေရတယ်။ ရွာထဲမှာ လူမရှိတော့ဘူး။ အကုန်ထွက်ပြေးကြပြီ။ ဘာမှ သေသေချာချာ မသိရသေးဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အင်းဝိုင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ရွာခံတွေကို ဖမ်းဆီးပြီးနောက် ကတုတ်ကျင်းတွေ တူးခိုင်းတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၁ ရက်က ညောင်ကုန်း၊ ဟာပါ၊ ဆည်ချောင်း၊ ဆိတ်ဆား ဆိုတဲ့ ပျူစောထီးရွာတွေက ပျူစောထီးစခန်း ၄ ခုကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေ သိမ်းပိုက်လိုက်လို့ အဲဒီကျေးရွာတွေနဲ့ အနီးဆုံးဖြစ်တဲ့ အင်းဝိုင်းကျေးရွာကို စစ်ကောင်စီတပ်က ဒုက္ခပြန်ပေးတာ ဖြစ်နိုင်တယ် လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သုံးသပ်ပြောဆိုပါတယ်။

ပျူစောထီးစခန်း ၄ ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူးအပါအဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။

အခုအချိန်အထိ ညောင်ကုန်း၊ ဟာပါ၊ ဆည်ချောင်း၊ ဆိတ်ဆားရွာနဲ့ အင်းဝိုင်းရွာတို့ကို စစ်ကောင်စီက ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေး ၂ ဦး ဒဏ်ရာရပြီး အိမ် ၅ လုံးနဲ့ သီးနှံစိုက်ခင်း အများအပြား ပျက်စီးခဲ့တယ်လို့ စစ်ရှောင်တွေက‌ ပြောပါတယ်။

သထုံအခြေစိုက် ခမရ ၉ တပ်ရင်းဌာနချုပ်က မေ ၁၇ ရက်နေ့ မနက် ၁၁ နာရီကျော်မှာ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၃ လုံးထဲက ၂ လုံးဟာ သထုံမြို့နယ် သုံးအိမ်စုကျေးရွာထဲ ကျရောက်ပေါက်ကွဲလို့ အသက် ၁၅ နှစ်အရွယ် စောညာထူး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ပါတယ်။

ဘီးလင်းမြို့နဲ့ ကျိုက်ထိုအစပ်မှာရှိတဲ့ ခလရ ၈ အခြေစိုက် သံတံတားစစ်ဆေးရေးဂိတ်က မေ ၁၇ ရက် မွန်းတည့် ၁၂ နာရီလောက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ဘီးလင်းမြို့နယ်၊ ဖိုးဝသိမ်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၁၄ နှစ်အရွယ် စောထူးကပေါ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၁ လုံးနဲ့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

မေ ၁၇ ရက် ညနေ ၅ နာရီအချိန်မှာလည်း စစ်ကောင်စီ အမှတ် ၃၁၄ အမြောက်တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၆ လုံးဟာ ဘီးလင်းရွှေရောင်ပြ ရွာပြင်ကို ၅ လုံးနဲ့ ရွာထဲ ၁ လုံး ကျရောက်ပေါက်ကွဲပြီး နေအိမ် ၂ လုံးနဲ့ သီးနှံစိုက်ခင်းအများအပြား ပျက်စီးခဲ့ပါတယ်။

စစ်ရှောင်တယောက်က “တိုက်ပွဲမရှိဘဲ ဘီးလင်းမြို့ကို ပတ်ထားတဲ့ တပ်တွေ စခန်းတွေကနေ တောက်လျှောက်ပစ်နေတာ။ ‌မနေ့ကဆို စခန်း ၃ ခုကနေ ပစ်တာ ကလေး ၂ ဦးဒဏ်ရာရတယ်။ အိမ်တွေကော သီးနှံစိုက်ခင်းတွေကော ထိခိုက်တာ အများကြီးပဲ။ လက်နက်ကြီးရန်ကို ကြောက်ပြီး အများစုက စစ်ရှောင်နေကြတယ်” လို့ ပြောပါတယ်။

စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူတွေပဲရှိတဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီက ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတယ်လို့ ကေအဲန်ယူ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့  မေ ၁၄ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်ထဲမှာရှိတဲ့ တပ်ရင်း ၅ ခုက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဘီးလင်းမြို့နယ်၊ မရမ်းကုန်းကျေးရွာက နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့သလို ရွာ ၄ ရွာက သီးနှံစိုက်ခင်းအများအပြားလည်း ပျက်စီးခဲ့ပါတယ်။

ဘီးလင်းမြို့နယ်က ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရတဲ့ မေ ၁၁ ရက်ကစပြီး စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိသလို နေအိမ် ၃၂ လုံး ပျက်စီးခဲ့ပြီး ‌လူ ၄,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူ သထုံခရိုင်ဆီက သိရပါတယ်။

Photo - PDF

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013