ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ မေ ၁၈ ရက်နေ့က စစ်ကောင်စီက ဗုံးကြဲလို့ ဒေသခံ ၉ ယောက် သေဆုံးခဲ့ပြီး အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ၊ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
သံတွဲမြို့နယ်၊ ရွှေလှေရွာနဲ့ ကျောင်းကုန်းရွာကြားမှာ မေလ ၁၈ ရက်နေ့ မနက် ၅ နာရီခွဲလောက်က ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ အပြင်းထန် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အများအပြား သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ သူတို့အခြေချတပ်စွဲထားတဲ့ မြုံပြင်ရွာနားက ဆန္ဒတော်ပြည့် ဘုရားတောင်ကုန်းနဲ့ ဘားတောင်းတောင် စစ်ဆေးရေးဂိတ်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ရမ်းကားပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က လေယာဉ်တစီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သလို ခမောင်းတုန်းရွာနဲ့ ကျောက်ဖြူမော်ရွာကြားမှာ ရပ်တန့်ထားတဲ့ နေဗီကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တယ်လို့ပြောပါတယ်။
Y 12 လေယာဉ်နဲ့ ဗုံးကြဲခဲ့တာလို့ ဒေသခံတွေက ပြောပြီး နတ်တောင်မော်ကျေးရွာက ဒေသခံ ၉ ယောက် ထိမှန်သေဆုံးခဲ့ပါတယ်။
ဒေသခံတယောက်က “စစ်တပ်က ရွာသားတွေကို ပြောစရာရှိတယ်ဆိုပြီး အိမ်တအိမ်မှာ ခေါ်စုတယ်။ ပြီးတော့ သူတို့က ထွက်သွားတယ်။ ရွာသားတွေပဲ ကျန်ခဲ့တုန်း အဲဒီနေရာကို ဗုံးကြဲတော့ ၆ ယောက်သေတယ်။ ဒဏ်ရာရတဲ့သူ ၃ ယောက်ကို သံတွဲဆေးရုံကိုပို့တုန်း ထပ်သေတယ်။ အားလုံး ယောကျ်ားတွေချည်းပဲ” လို့ ပြောပါတယ်။
မေ ၁၈ ရက်ညပိုင်းမှာတော့ စစ်ကောင်စီတပ်ဟာ သူတို့တပ်စွဲထားတဲ့ လင်းသီရွာကနေ ဆုတ်ခွာသွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
သံတွဲမြို့နယ်မှာ မေ ၁၄ ရက်နေ့ညပိုင်းကလည်း ဘားတောင်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ လင်းသီရွာက ပြည်သူ ၁၀ ယောက်သေဆုံး၊ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။