Home
နိုင်ငံတကာ
ဂါဇာမှ ဓားစာခံ ၃ ဦးရဲ့ ရုပ်အလောင်းပြန်ရဟု အစ္စရေးစစ်တပ်ပြော 
DVB
·
May 18, 2024

အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်မှ ဓားစာခံ ၃ ဦးရဲ့ ရုပ်အလောင်းကို ညပိုင်းမှာ ပြန်ရရှိခဲ့ကြောင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ဒယ်နီရယ် ဟာဂါရီက မေ ၁၇ ရက်မှာ ပြောပါတယ်။

ဟာဂါရီက သူတို့ ၃ ဦးဟာ ရှာနီလို့ခ် ၊ အမစ် ဘတ်စ်ကီလာ နဲ့ ယစ်တ်ဇက် ဂယ်လန်းတာတို့ ဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပြီး သူတို့ဟာ အောက်တိုဘာ ၇ ရက်က Nova ဂီတပွဲတော်မှ ထွက်ပြေး လာချိန်မှာ ဟားမတ်စ်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး သူတို့ရဲ့အလောင်းတွေကို ဂါဇာ ကမ်းမြောင်ဆီ ယူဆောင်သွားခဲ့တာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက သောကြာနေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ရေး စစ်ဆင်ရေးကို ချီးကျူးခဲ့ပြီး ဓားစာခံအားလုံးကို ပြန်ရောက်လာစေရမယ်လို့ ထပ်လောင်းကတိပြု ပြောကြား ခဲ့ပါတယ်။ 

ဟားမတ်စ်အဖွဲ့ ဦးဆောင်ပြီး အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်း အခြေစိုက်စခန်းတွေနဲ့ လူ့အဖွဲ့အစည်းတွေကို အံ့အားသင့်ဖွယ် တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂၀၀ သေဆုံးပြီး ၂၅၀ လောက် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရကြောင့် အစ္စရေးရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

လက်ရှိအချိန် ဂါဇာမှာ ဓားစာခံ ၁၃၀ လောက်ကို ထိန်းသိမ်းထားပါတယ်။ အစ္စရေးကလည်း ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင်နက်ကို လေကြောင်း၊ မြေပြင်နဲ့ ရေကြောင်းတို့ကနေ တိုက်ခိုက် ခဲ့ပြီး အခုချိန်ထိ ပါလက်စတိုင်း ၃၅,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေး အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူဦးရေ ၂ ဒသမ ၃ သန်းရှိတဲ့ ဂါဇာကမ်းမြောင်ဒေသမှ ဒေသခံ အများစုဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ကမ်းရိုးတန်းဒေသဟာ အမှိုက်မြေ ဖြစ်ကျန်ခဲ့ရကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း နက်နက်ရှိုင်းရှိုင်း ဖြစ်ခဲ့ရပါတယ်။ 

ဂါဇာမြောက်ပိုင်း ဂျာဘလီယာမြို့မှာတော့ လမ်းကြားတွေမှာ မေ ၁၇ ရက်က အစ္စရေးတပ်တွေနဲ့ ဟားမတ်စ်တပ်ဖွဲ့ဝင်တွေ တိုက်ပွဲ ပြင်းထန်နေပြီး  တောင်ပိုင်းမှာလည်း ရာဖာမြို့နား တဝိုက်က တင့်ကားတွေ တိုက်ခိုက်ခံရမှုရှိနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

အစ္စရေးကနယ်မြေရှင်းလင်းရေးလုပ်ထားပြီးဖြစ်တဲ့ ဂါဇာမြောက်ပိုင်းကို ဟားမတ်စ်အဖွဲ့တွေ ပြန်ရောက်လာပြီးတဲ့ နောက်တိုက်ပွဲတွ ပြန်ပြင်းထန်နေတာဖြစ်ပါတယ်။ 

အစ္စရေးတပ်တွေဟာ ဂျာဘလီယာဗဟိုချက်က စျေးကိုပါ ပစ်ခတ်ခဲ့ပြီး လမ်းတောက်လျှောက် အိမ်တွေ၊ ဆိုင်တွေကိုပါ ဘူဒိုဇာနဲ့ ဖြိုချပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

တင့်ကားတွေ၊ လေယာဉ်တွေဟာ လူနေရပ်ကွက်တွေနဲ့ စျေးတွေ၊ ဆိုင်တွေ အကုန်လုံးကို ပစ်ခတ် ဖျက်ဆီးနေတယ်လို့ ဂျာဘာလီယာ ဒေသခံ အေမန်ရာဂျက်ဘ်က ချက်အက်ပလီကေးရှင်း တခု ကနေ ပြောပါတယ်။ 

ဂါဇာစစ်ပွဲအစောပိုင်းကတည်းက အစ္စရေးတပ်တွေက ဂျာဘလီယာကို ရှင်းလင်းပြီးဖြစ်ပေမဲ့ ဟားမတ်စ်တွေ တကျော့ပြန် စုဖွဲ့လာတာဖြစ်ပါတယ်။ 

ဂါဇာရဲ့ အီဂျစ်နယ်စပ်ဖြစ်တဲ့ ရာဖာမြို့ကနေလည်း မီးခိုးတွေ အူထွက်လာနေပြီး သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာထွက်ပြေးနေကြရပါတယ်။  

တိုက်ပွဲတွေပြင်းထန်နေချိန်မှာ ဂါဇာကမ်းရိုးတန်းမှာ အမေရိကန်က တည်ဆောက်ပေးထားတဲ့ ယာယီဆိပ်ခံဘောတံတားကို အကူအညီတွေ စတင်ဆိုက်ရောက်လာပါတယ်။ 

ပစ္စည်းတွေကို  ဂါဇာအလယ်ပိုင်းက ဒိုင်ယာအယ်လ်ဘာလာဟ် မြို့က ကုန်လှောင်ရုံတွေကို  ထရပ်ကားတွေနဲ့ သယ်ပို့နေပါတယ်။ 

အဲဒီကမှ တဆင့်ဝေငှမယ်လို့ ပြောထားပါတယ်။ ကုလသမဂ္ဂကတော့ ဒီလိုမျိုး ရေတစ်တန်၊ ကုန်း တတန် လုပ်နေတာထက် ကုန်းကြောင်းက တိုက်ရိုက် အကူအညီပေးဝင်တာ ပိုထိရောက်တယ်လို့ သုံးသပ်ထားပါတယ်။ ဒါကြောင့် ကုန်းလမ်းကအကူအညီပေးဝင်နိုင်ရေး လမ်းဖွင့်ပေးဖို့ တောင်းဆို ထားပါတယ်။

မြေပြင်လမ်းကြောင်းကနေ ဂါဇာကို အကူအညီတွေ ပေးပို့ရ အဆင်မပြေတဲ့အတွက် ရေကြောင်းကပေးပို့ဖို့ အစီအစဉ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မတ်လတုန်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။

ပင်လယ်ရေကြောင်းက အကူအညီပေးပို့ခြင်းအားဖြင့် လူသိန်းချီ အငတ်ဘေးကြုံနေတဲ့ အခြေအနေကို သက်သာရာရစေမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ကုန်းလမ်းကပို့တာကသာ အထိရောက်ဆုံးနည်းဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဂါဇာက အခြေအနေတွေ ပိုဆိုးနေပြီး တောင်ပိုင်းနဲ့ မြောက်ပိုင်း လမ်းကြောင်းတွေကနေ အကူအညီတွေ ပေးဝင်ဖို့ အစ္စရေးကို အမေရိကန်နိုင်ငံခြားရေးဌာနက တောင်းဆိုထားပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013