Home
မြန်မာသတင်း
မေလအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု  ၅ မှုတွင် ပြည်သူ  ၁၀၀ ခန့် သေဆုံး
DVB
·
May 18, 2024
ArmyKilledInMyinMu
vit 1 1852024

မေ ၁ ရက်ကနေ ၁၄ရက်ထိ သီတင်းနှစ်ပတ်တာအတွင်းမှာ စစ်တပ်ကောင်စီတပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် လူ ၅ ဦးနဲ့ အထက် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ဖြစ်ရပ် ၅ ခုမှာ အရပ်သားတွေအပါအဝင် ပြည်သူ ၁၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။

ဒါက ပြီးခဲ့တဲ့ ဧပြီလ တလလုံးမှာ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့ရသူတွေထက် ထက်ဝက်နီးပါး များလာတာဖြစ်တယ်လို့ DVB အနေနဲ့ လေ့လာတွေ့ရှိ ရပါတယ်။

အခုလို လူထုက အသက်ပေးပြီးတောင်းဆိုနေချိန်မှာ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့  စစ်တပ်ကို အရေးယူမှု ကိစ္စရပ်တွေမှာ ရှုတ်ချတာလောက်နဲ့ မလုံလောက်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်းက DVBကို ပြောပါတယ်။

“ကျနော်တို့ လေ့လာတွေ့ရှိချက်အရဆိုရင် ပြီးခဲ့တဲ့ ဧပြီလထက် မေလက ပိုပြီးတော့ မြင့်လာတယ်။ ဒါတောင်လမကုန်သေးဘူး။ ဒီနေရာမှာ ဘာကိုတွေ့ရလဲဆိုတော့ အရပ်သားတွေမှန်းသိသိရက်နဲ့ ဘုန်းကြီးကျောင်းမှာပုန်းအောင်းနေတဲ့သူမှန်း သိသိချည်းနဲ့ သတ်ဖြတ်တာ။ အဲဒီအထဲမှာ အမျိုးသမီးငယ်တွေက အစပါတာတွေ့ရတယ်။ ပိုပြီးတော့ တိုးလာတယ်ဆိုတာ ပိုပြီးတော့ ရက်စက်လာခြင်းပဲ။ ကျနော်တို့ အဲဒီလောက်ပြောဆိုတာက ရှုတ်ချပါတယ်ဆိုတာလောက်နဲ့မလုံလောက်တော့ဘူး။ သူတို့ရဲ့ အဓိကလေယာဉ်ဆီကို အမြန်ဆုံးတားဆီးဖို့၊ လက်နက်တွေကိုပိတ်ဆို့ဖို့ ကမ္ဘာကို ကျနော်တို့ ပြည်သူတွေက အသက်ပေးပြီး တောင်းဆိုနေတာဖြစ်တယ်။”

စစ်ကောင်စီတပ်က မေ ၉ ရက်မှာ မကွေးတိုင်း ဆောမြို့နယ်ထဲက အကြည်ပန်းပလွန်းကျေးရွာကို လေယာဉ်နဲ့  လာရောက်ဗုံးကြဲပြီး စစ်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁၅ ယောက်သေဆုံးပြီး ၂၇ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဲဒီနေ့မှာပဲ မန္တလေးတိုင်း မြင်းခြံမြို့ထဲက ဆုံရွာကို PDF တွေဝင်ရောက်စီးနင်းပြီး ပျူစခန်းတွေကို သိမ်းပိုက်ခဲ့ရာမှာ ဒေသခံ ၃၀ ကျော်သေဆုံးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။ ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေကတော့ စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ပြောဆိုပါတယ်။

မေ ၁၁ ရက် မနက် ၅ နာရီမှာတော့ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲက လက်ထုတ္တောကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်တပ်က စစ်ရှောင်ပုန်းခိုနေတဲ့ပြည်သူနဲ့ ဒေသခံ ၃၂ ယောက်ကို သတ်ဖြတ်ခဲ့ပြီး လူ ၂၀ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီနေ့လယ်မှာတော့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ထန်းတပင်ရွာနဲ့ မကျည်းအုပ်ကျေးရွာ စာသင်ကျောင်းကို  ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ရွာသားနဲ့ ရဲဘော် စုစုပေါင်း ၈ ဦးသေဆုံးခဲ့ပါတယ်။

မေ ၁၄ ရက်မှာတော့  ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးက လင်းသီရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်၊

စစ်တပ်ကျူးလွန်မှုတွေကို သက်သေခိုင်ခိုင်မာမာနဲ့ ပေးပို့တိုင်ကြားမှုတွေ လုပ်ဆောင်နေပေမဲ့ နိုင်ငံတကာက အခုချိန်ထိ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုမျိုး မလုပ်ဆောင်သေးတဲ့အပေါ် စစ်ကိုင်းတိုင်းထဲက စစ်ရှောင်ကူညီသူတဦးက အခုလိုပဲ ပြောပါတယ်။

“ဒီဖြစ်စဉ်တွေမှာ အရပ်သားတွေကို ပစ်တယ်၊ ပြည်သူတွေကိုပစ်တယ်။ ဒီဖြစ်စဉ်တွေက ဓာတ်ပုံတွေ ဗီဒီယိုတွေ တိတိကျကျရှိတယ်။ အဲတာတွေကို တိုင်တော့ရော ဘယ်သူက အရေးယူလို့လဲ၊ အရေးယူမှုမရှိတဲ့ကိစ္စတွေကို ဘာမှ မပြောချင်တော့ဘူး။ ဘယ်နိုင်ငံတကာအဖွဲ့အစည်းကိုမှ အားမကိုးတော့ဘူး။ သူတို့ ထုတ်ထားတဲ့ ဥပဒေတွေ နိုင်ငံတကာစည်းမျဉ်းတွေက စာရွက်ပေါ်မှာပဲရှိတာလေ။ လူထုက တကယ်ခံပြီး တကယ်သေနေရတာ။ လူထုက စကစကို နိုင်အောင်တိုက်မှပဲ လူထု သက်သာမယ်။”

စစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် မေလ  ၂ ပတ်အတွင်းမှာပဲ လူ ၅ ယောက်နဲ့ အထက်သေဆုံးခဲ့တဲ့ဖြစ်ရပ် ၅ ခုဖြစ်ခဲ့ပြီး  လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့ရသလို တခြားကိစ္စရပ်တွေနဲ့ ပြည်သူလူထုက ထိခိုက်သေဆုံးမှုတွေက နေ့စဉ် ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာတော့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၄၃၈ ခု ကျူးလွန်ခဲ့ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် လူပေါင်း ၅၆ ယောက်သေဆုံးခဲ့တယ်လို့ NUG လူ့အခွင့်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ဝေဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024