စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ လျှပ်စစ်မီးနဲ့ မိုဘိုင်းဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတဲ့ မြို့နယ်တွင်းနေထိုင်သူတွေ ဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အား အသုံးပြုဖို့ ခက်ခဲနေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
သံတွဲမြို့ပေါ်ရပ်ကွက်တွေမှာ မေ ၁၇ ရက်နေ့က ညနေပိုင်းကတည်း လျှပ်စစ်မီးတွေ ပြတ်တောက်နေတာဖြစ်ပြီး တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲ-တောင်ကုတ် ကားလမ်းပေါ်က ကျေးရွာတွေမှာတော့ မေ ၁၅ ရက်နေ့ကတည်းက လျှပ်စစ်မီးနဲ့ မိုဘိုင်းဖုန်းလိုင်းတွေ ပြတ်တောက်နေတာလို့ သံတွဲမြို့ခံတယောက်က ပြောပါတယ်။
“မနေ့က ည ၈ နာရီကျော်လောက်ကတည်းက သံတွဲမြို့ပေါ်မှာလျှပ်စစ်မီးတွေက ပြတ်တောက်သွားတာ။ မေ ၁၈ ရက်နေ့ နေ့လယ်ပိုင်းအထိ မရသေးဘူး။ လျှပ်စစ်မီးပြတ်သွားတော့ ရေတွေလည်း တင်မရတော့သလို ဖုန်းအားတွေ ဖြည့်လို့မရကြဘူး။ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာက ဒေသခံတွေဆိုရင် ဖုန်းတောင်ဆက်သွယ်လို့ မရတော့ဘူး။ တော်တော်လေးကို စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်” လို့ပြောပါတယ်။
သံတွဲမြို့နယ်၊ လင်းသီကျေးရွာကို မေ ၁၄ ရက်နေ့က စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်လိုက်တာကြောင့် အရပ်သား ၁၀ ယောက် အထိ သေဆုံးခဲ့သလို တိုက်ပွဲအနီးက ကျေးရွာတွေကို စစ်ကောင်စီက လျှပ်စစ်မီးနဲ့ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ သံတွဲမြို့နယ်က ရွှေလှေ၊ ကွေ့ချောင်း၊ လင်းသီ ကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား တိုက်ပွဲပြင်းထန်းနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေ ပေးနေတယ်လို့ တိုက်ပွဲအကြောင်းသိတဲ့ သံတွဲဒေသခံတယောက်က ပြောပါတယ်။
“တိုက်ပွဲက ဒီရက်ပိုင်းတော်တော်လေးကို ပြင်းထန်တယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲက နေ့တိုင်းဖြစ်ပွားတာတွေရှိသလို စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးတွေက အဆက်မပြတ်ပစ်နေတာ။ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတာကြောင့် အဲဒီမှာ ကျန်ရှိနေသေးတဲ့ ဒေသခံတွေအတွက် တော်တော်လေးကို စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲဖြစ်ပွားနေကြတဲ့ ကျေးရွာတွေကဒေသခံတွေဟာ ဘေးလွတ်ရာ ကျေးရွာတွေနဲ့ မြို့ပေါ်ကို တိမ်းရှောင်သွားကြပေမဲ့ ကျေးရွာအတွင်းမှာလည်း အိမ်စောင့်အဖြစ် ကျန်ရှိနေသေးသူ တချို့ ရှိနေသေးတယ်လို့ စစ်ဘေးရှောင်ကြသူတွေက ပြောပါတယ်။
သံတွဲမြို့နယ်၊ လင်းသီကျေးရွာမှာ စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီးနောက် နေရပ်စွန့်ခွာကြတဲ့ စစ်ရှောင်အရေအတွက် တိုးလာနေပြီး စစ်ရှောင် ၂၀,၀၀၀ နဲ့အထက်မှာရှိနိုင်တယ်လို့ သံတွဲဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်က သံတွဲ၊ အမ်း၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ အာရက္ခတပ်တော်က မြို့နယ် ၉ ခုအထိ သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။