၂၀၀၀ ပြည့်နှစ်တွေက ခေတ်ပြိုင်မော်ဒန်ကဗျာအရွေ့ထဲက ကဗျာဆရာတဦးဖြစ်တဲ့ ကဗျာဆရာသားဦး (ခ) ကိုဟိန်းလတ်ဟာ မေ ၁၇ ရက်က မကွေးနေအိမ်မှာ ကွယ်လွန်သွားတယ်လို့ သူနဲ့ ရင်းနှီးတဲ့ ကဗျာဆရာတွေဆီက သိရပါတယ်။
၁၉၈၀ ပြည့်နှစ် နို၀င်ဘာ ၂၈ မှာမွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၄၄ နှစ်သာရှိသေးတဲ့ ကဗျာဆရာသားဦးဟာ ကဗျာတွေ၊ စကားပြေတွေ များစွာရေးသားခဲ့ပြီး ကွယ်လွန်ချိန်မှာ ဇနီးသည်နဲ့ သား ၂ ဦး သမီး ၁ ဦး ကျန်ရစ်ခဲ့ပြီး သားအကြီးက မကြာသေးခင်ကမှ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံခဲ့ရတာပါ။
ခေတ်ပြိုင်ကဗျာဆရာတဦးက "ဆုံးရှုံးတာတွေများနေတော့ ကိုယ်တွေ သူငယ်ချင်းတွေ ပျောက်ဆုံးတာပဲ ငေးကြည့်နေမိတယ်။ ပြောစရာစကားမရှိတော့သလိုပဲ၊ သူကလူပျော်ပါ မလိမ်တတ်ဘူး။ ‘မြားနတ်မောင်က ပြန်မလာတော့ဘူး’ ကဗျာလေးတုန်းက ကြိုက်မိတယ်။ နောက်ပိုင်းတော့သူ့မှာ ကဗျာကောင်းတွေအများကြီးပါ။ ခေတ်ပြိုင်ချင် အားကျမိတဲ့ အထဲ သူပါပါတယ်”လို့ ပြောပါတယ်။
ကဗျာဆရာသားဦးဟာ အလယ်ရိုးမကဗျာဆု၊ လောက်နူးမြေကဗျာဆု၊ ရန်ကုန်ကဗျာဆုတို့ ကိုရရှိခဲ့ပြီး သန့်ရှင်းစင်ကြယ်တဲ့နကျယ်ကောင်၊ ခဲရာခဲခြစ်စကားပြေ၊ ကိုယ်ရေးကိုယ်တာ ကြိတ်မှန်ပင်၊ ဆေးစက်ကျရာနှင့် အရေးအသားများ စာအုပ်တွေ ရေးသား ထွက်ရှိခဲ့ပါတယ်။
သူဟာ ကဗျာပေါင်းများစွာကိုရေးသားခဲ့ပြီး အဲ့ဒိထဲကမှ ပါဆယ်၊ မနက်ခြင်းတစ၊ အသက်လည်းကြီးပြီဆိုတော့၊ ပေးစာ၊ နာဂပုံပြင်ဖန်းဖန်းပေါ့၊ ပထမခြေလှမ်း၊ ချိန်ကြာညောင်း လဲ၊ သောကြာတမနက်၊ ကွက်လပ်ဖြည့်ပါ၊ မင်းနဲ့ငါ၊ မပျော်ဇာတ်၊ ဖိုးအော်၊ တောပြဇာတ်တို့ ထင်ရှားတဲ့ ကဗျာတွေ ဖြစ်ပါတယ်။