Home
မြန်မာသတင်း
မိုးမောက်နှင့် မံစီတွင် ကေအိုင်အေ ထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်
DVB
·
May 18, 2024
moe

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့အနီးက ခမရ ၆၀၁၊ ခမရ ၃၁၉ တပ်ရင်းစခန်းနဲ့ မိုးမောက်မြို့အနီးက ခမရ ၄၃၇ တပ်စခန်းတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က မေ ၁၇ ရက်နေ့ မနက်အစောပိုင်းက စတင်ပြီး ပြန်လည် တိုက်ခိုက်နေသလို စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ ခုခံနေတယ်လို့ သိရပါတယ်။

မိုးမောက်နဲ့ မံစီမြို့ အနီးက စစ်ကောင်စီတပ်စခန်း ပတ်ဝန်းကျင်တွေမှာ နေ့စဉ်နှစ်ဖက် ထိတွေ့တိုက်ပွဲတွေရှိနေခဲ့ပြီးတော့ ကချင်လွတ်မြောက်ရေးတပ်မတော်က မေ ၁၇ ရက်မှာ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်တာ ဖြစ်တယ်လို့ပြောပါတယ်။

ရှေ့တန်းစစ်မြေပြင်နဲ့ နီးစပ်သူတယောက်က “မံစီကော၊ မိုးမောက်ကော နှစ်ဖက် တိုက်ပွဲတွေရှိနေတယ်။ လွန်ခဲ့တဲ့ ၁၅ ရက်နေ့ကလည်း ကျနော်တို့ စစ်ဦးစီးချုပ် ဆုံးလို့ ဝမ်းနည်းခြင်းအနေနဲ့ ထိုးစစ်လုပ်တာ ရပ်ထားတယ်။ ကျနော်တို့ နားထားတော့ သူတို့ ပြန်တက်လာလို့ မိုးမောက်နားဘက် တိုက်ပွဲဖြစ်တယ်။ ကြိုကြားတော့ဖြစ်နေတယ်။ ဒီနေ့တော့ မံစီက တပ်စခန်းနှစ်ခုရော၊ မိုးမောက်တပ်ကိုကော ပြန်တိုက်နေပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း တိုက်ပွဲဖြစ်ပွားတဲ့နေရာ ပတ်ဝန်းကျင်ကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေပြီး ဗန်းမော်မြို့ အနီးပတ်ဝန်းကျင်မှာလည်း လေယာဉ် ပျံဝဲနေတယ်လို့ ဗန်းမော်မြို့ပေါ် မြို့ခံတယောက်က ပြောပါတယ်။

“မြို့ပေါ်မှာ လေယာဉ်ဝဲတာက မနေ့ညနေ ၅ နာရီကျော်လောက်ကလည်း ဂျက်လေယာဉ်နဲ့ ၈ ပတ်လောက် ပတ်ပြီးဝဲနေတာ။ ဒီနေ့မနက် အစောကြီး ၅ ခွဲလောက်လဲ ဂျက်လေယာဉ်ပျံသွားတာ ကြားတယ်။ အခု မံစီဘက်လည်း လေယာဉ် ၉ စီးနဲ့ လာပစ်နေတာတဲ့။ ဂျက်ရော ရိုးရိုးလေယာဉ်ရော။ မံစီက ဆွေမျိုးတွေက တောင်ယာတွေဘက် ရှောင်နေတော့ သူတို့ဖုန်းဆက်လာတယ်။ တပ်(စကစ) ရှိတဲ့ ပတ်ဝန်းကျင်နဲ့ မြို့ထဲဘက်တွေ လာကြဲသွားတာတဲ့။ လေယာဉ်ကလည်း ဝဲနေတုန်းပဲ”လို့ ပြောပါတယ်။

မိုးမောက်မြို့မှာလည်း မေ ၁၆ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် မိုးမောက် ခမရ ၄၃၇ တပ်စခန်းအနီး မံပုံကျေးရွာက နေအိမ်အများအပြား မီးလောက်ပျက်စီးသွားတယ်လို့ မြေပြင်က ကချင်လွတ်မြောက်ရေး တပ်သားတွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“မနေ့ညနေပိုင်းက လေယာဉ်နဲ့လာပစ်သွားလို့ ၄၃၇ တပ် မျက်နှာချင်းဆိုင် လမ်းကြားဘက်က အိမ်တွေ အများကြီးလောင်သွားတယ်။ တညလုံးလောင်နေတာ များတော့များတယ်။ ဘယ်လောက် လောင်သွားတယ်ဆိုတာတော့ မသိရသေးဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က မိုးမောက်မြို့က တိုက်ပွဲတွေအတွင်း ဒရုန်းအသုံးပြုပြီး မြေပြင်ကင်းထောက်တာတွေ အဆက်မပြတ်ပြုလုပ်နေသလို ဒရုန်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း အများအပြား ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပြီးတော့ မိုးမောက်နဲ့မံစီမြို့ကို စစ်ကောင်စီက ဗန်းမော်ကနေ တဆင့် စစ်အင်အားတွေပို့ဆောင်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013