Home
မြန်မာသတင်း
စစ်တပ်ဗုံးကြဲမှုကြောင့် ဒီပဲယင်းတွင် သေဆုံးသူ ၈ ဦးရှိလာ
DVB
·
May 18, 2024
bomb 1852024

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မကြီးအုပ်ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က မေ ၁၁ ရက် ညနေ ၃ နာရီမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးသူ ဒေသခံ ၈ ယောက်ရှိလာပြီ ဖြစ်ပါတယ်။

တိုက်ခိုက်တဲ့နေ့တုန်းက ၆ ယောက် သေဆုံးပြီး ကလေးငယ်တယောက် အပါအဝင် ၂၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မေ ၁၅ ရက် ညနေ ၄ နာရီခွဲမှာ ဒဏ်ရာရရှိသူတွေထဲက အသက် ၅၁ နှစ်အရွယ် ဒေါ်ညို ထပ်မံသေဆုံးခဲ့ပြီး မေ ၁၃ ရက် မနက် ၆ နာရီမှာ အသက် ၃၅ နှစ်အရွယ် ကိုသက်အောင် သေဆုံးခဲ့တာကြောင့် ၈ ယောက် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်နေသူတယောက်က “မနေ့က ဒေါ်ညို ထပ်ဆုံးသွားတယ်။ ဒဏ်ရာက တကိုယ်လုံးလို့ ပြောလို့ရတယ်ဗျ။ မိုင်းစတွေ ထိမှန်ထားတာ။ ဆေးကုသနေရင်း ၁၅ ရက်နေ့ ညနေပိုင်းမှာ ထပ်ဆုံးသွားတာ” လို့ ပြောပါတယ်။

မကြီးအုပ်ရွာခံတွေဟာ လေကြောင်းတိုက်ခိုက်ခံရတဲ့ မေ ၁၁ ရက်ကစပြီး နီးစပ်ရာ ကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေပါတယ်။

S&C မီးဘေး စစ်ဘေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ကိုစိုးမိုးက “မကြီးအုပ်ဘက်က တောတွေ သိပ်မရှိဘူးလေ။ လယ်ကွင်းတွေဆိုတော့ ရွာနီးချုပ်စပ်တွေမှာ ရှောင်ရတာ။ ဒဏ်ရာရသူတွေ ဆေးကုသဖို့လည်း ဆေးဝါးတွေလိုပါတယ်။ ဝယ်ဖို့ ပိုက်ဆံမတတ်နိုင်ကြတာပါ။ စာသင်ကျောင်း ပြန်ဆောက်ဖို့တော့ လိုဦးမယ်ဗျ။ လက်ရှိက ရွာနားကို ပြန်မကပ်ရဲကြသေးဘူး” လို့ ပြောပါတယ်။

ဒီပဲယင်းမြို့နယ်၊ မကြီးအုပ်ကျေးရွာဟာ အိမ်ခြေ ၁၀၀ နီးပါးနဲ့ လူဦးရေ ၄၀၀ ကျော်ရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။

photo cj

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024