ခင်ပွန်းဟောင်းနဲ့အတူ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က အတူပူးတွဲတည်ထောင်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိက ပရဟိတဖောင်ဒေးရှင်းဖြစ်တဲ့ ဘီလ်အန်မယ်လင်ဒါဂိတ်စ် ဖောင်ဒေးရှင်းရဲ့ ပူးတွဲတည်ထောင်သူအဖြစ်ကနေ နုတ်ထွက်လိုက်ပြီလို့ မယ်လင်ဒါဂိတ်စ်က မေ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
ဘီလ်ဂိတ်စ်နဲ့ မယ်လင်ဒါဂိတ်စ်တို့ဟာ ၂၇ နှစ်ကြာ အိမ်ထောင်ရေးကို ၂၀၂၁ မှာ အဆုံးသတ်ပြီး ကွာရှင်းခဲ့တာပါ။ ဒါပေမဲ့ ပရဟိတအလုပ်ကို အတူဆက်လုပ်မယ်လို့ ကတိပြုခဲ့ဖူးပါတယ်။
“ဘီလ်နဲ့ သဘောတူညီချက်အောက်မှာ ဖောင်ဒေးရှင်းကနေထွက်ရင် ကျမက မိသားစုနဲ့ အမျိုးသမီးတွေကိုယ်စား ကျမအလုပ်အတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံကို ရမှာပါ။ ဒါဟာ ကျမ လွယ်လွယ်ပေါ့ပေါ့လေး ဆုံးဖြတ်ခဲ့တာ မဟုတ်ဘူး” လို့ မယ်လင်ဒါဂိတ်စ်က X လူမှုကွန်ရက်ပေါ်မှာ ပြောခဲ့ပါတယ်။
မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်စ်က “မယ်လင်ဒါ ထွက်သွားတဲ့အတွက် ဝမ်းနည်းပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အနာဂတ် ပရဟိတ အလုပ်တွေအပေါ်မှာ သက်ရောက်မှုကြီးကြီး ရလာမယ်ဆိုတာ ကျနော် သေချာပါတယ်” လို့ X လူမှုကွန်ရက်မှာ ပြောပါတယ်။
သူဟာ ဖောင်ဒေးရှင်းမှာ ဇွန် ၇ ရက်ထိ နောက်ဆုံးရှိနေမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ လက်ထက်ပွားပစ္စည်းတွေကို ဘယ်လိုခွဲယူမလဲဆိုတာ သဘောတူညီချက် ရပြီးသားလို့ ဂိတ်စ်မောင်နှံက ၂၀၂၁ မှာ ပြောခဲ့ပါတယ်။
ဒါပေမဲ့ သဘောတူညီချက် အသေးစိတ်ကို တရားရုံးမှာတင်ထားတဲ့ ကွာရှင်းခွင့် နောက်ဆုံးအမိန့်ထဲမှာ ဖော်ပြမထားပါဘူး။
ဘီလ် အန်မယ်လင်ဒါဂိတ်စ် ဖောင်ဒေးရှင်းဟာ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအပေါ် အင်အားနဲ့ ဩဇာအကြီးဆုံး စွမ်းအင်တွေထဲက တရပ်ပါ။
ကျန်ခဲ့တဲ့ နှစ် ၂၀ ကျော်အတွင်း ဆင်းရဲမွဲတေမှုနဲ့ ရောဂါတွေကို တိုက်ဖျက်ရာမှာ စီးပွားရေး လမ်းကြောင်းကနေ ချဉ်းကပ်ဆောင်ရွက်ဖို့ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ကျော်ကို သုံးခဲ့ပါတယ်။
Source/Photo-REUTERS/Elizabeth Frantz