Home
မြန်မာသတင်း
မိုးမောက်နှင့် ရေစကြိုတို့တွင် စစ်ကောင်စီတပ်က ဗုံးကြဲ၊ ရွာမီးရှို့ 
DVB
·
May 14, 2024
MoeMauk Bomb_14052024
YaySaGyoFireSAC_14052024
ShweBoPDF_14052024

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ မေ ၁၃ ရက်ညပိုင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသားတဦး သေဆုံးပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက မြို့သစ်ကျေးရွာ တိုက်နယ်ဆေးရုံအနီးကို ဗုံးကြဲခဲ့တဲ့အတွက် ဆေးရုံအနီးက နေအိမ်တလုံး ပျက်စီးပြီး မိသားစုဝင်တွေ သေဆုံးဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “ည ၈ နာရီကျော်လောက် လေယာဉ်နဲ့ ဗုံးကြဲတယ်။ မြို့သစ်ဆေးရုံဘေးက အအေးရောင်းတဲ့ အိမ်အပေါ် တည့်တည့်ကျတာ၊ အိမ်လည်း ပျက်စီးသွားတယ်။ အမျိုးသားတယောက် သေတယ်၊ အမျိုးသမီး ၂ ယောက် ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

နေအိမ် ဗုံးထိမှန်ပျက်စီးတာကြောင့် ဦးယော သေဆုံးခဲ့ပြီး ဇနီးနဲ့ ယောက္ခမဖြစ်သူတို့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေ ၇ ရက်ကလည်း စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် မြို့သစ်တိုက်နယ်ဆေးရုံ ပျက်စီးခဲ့ပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ကိုင်းမကြီးကျေးရွာကို မေ ၁၃ ရက်၊ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပြီး လူနေအိမ်တွေ မီးရှို့ကာ၊ နွားတွေကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကိုင်းမကြီးရွာသားတဦးက “စစ်သားတွေနဲ့ ဆင်ချောင်းပျူစောထီးရွာက ပျူစောထီးတွေ အင်အား ၈၀ လောက် ကျနော်တို့ရွာကို ဝင်ရောက်စီးနင်းပြီး လူနေအိမ် ၉ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ ကိုင်းမကြီးကျေးရွာက ပြည်သူတွေရဲ့ နွား ၈ ကောင်ကိုလည်း ပစ်သတ်သွားသေးတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “တိုက်ပွဲဖြစ်တာ မရှိဘူး။ သက်သက်မဲ့ကြီး ပြည်သူကို နှိပ်စက်တာ။ ရွာက ပြည်သူတွေကတော့ ပြေးနိုင်လို့ လွတ်ကြတယ်။ ပြည်သူ အထိအခိုက် မရှိဘူးလို့ မြေပြင်သတင်းတွေအရတော့ သိထားရတယ်” လို့ ပြောပါတယ်။

ကိုင်းမကြီးကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၆ ရက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၈၀ ဝန်းကျင် မီးလောင်ဆုံးရှုံးခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာတော့ စစ်ကောင်စီတပ်က ပြည်သူတွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲပြီး ဖမ်းဆီးထားတဲ့ အထက ၁ ကျောင်းကို မေ ၁၄ ရက် မနက်ပိုင်းမှာ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းကနေ သိရပါတယ်။

ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းမှ ရဲဘော်တဦးက “ပြည်သူ ၃၀ လောက်ကို စစ်မှုထမ်းဖို့ အတင်းအဓမ္မ ပေါ်တာဆွဲပြီး ဖမ်းထားတဲ့ အထက ၁ ကို ဗုံးကြဲတိုက်ခိုက်တဲ့အခါ စစ် (-) တွေ ဖရိုဖရဲဖြစ်နေတုန်း အဖမ်းခံထားရတဲ့ ပြည်သူ ၈ ယောက် ထွက်ပြေးလွတ်မြောက်လာတယ်။ ၂၀ ကျော်ကတော့ မပြေးနိုင်လို့ ကျန်နေခဲ့သေးတယ်” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။

ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း တာဝန်ရှိသူတဦးက “လွတ်မြောက်လာတဲ့ ပြည်သူ ၈ ဦးက ကျနော်တို့တပ်ဖွဲ့ဆီ ရောက်လာလို့ အစစအရာရာ ကူညီဆောင်ရွက်ပေးသွားမှာပါ။ ဆက်လက် ဆောင်ရွက်စရာတွေကိုလည်း ဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းက Fixed-Wing Drone ၂ စီးနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

Photo - ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း / CJ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013