Home
နိုင်ငံတကာ
ကနေဒါတွင် တောမီးကြောင့် မြို့လုံးကျွတ် ဘေးလွတ်ရာရွှေ့ပြောင်း
DVB
·
May 14, 2024
Canadawildfire_14052024

ကနေဒါနိုင်ငံ အနောက်ပိုင်း ဝေးလံသီခေါင်တဲ့ မြို့တမြို့ဆီ ဦးတည်လာတဲ့ တောမီးကြီးကို မီးသတ်သမားတွေ မေ ၁၃ ရက်က ကြိုးစား ငြှိမ်းသတ်နေရပါတယ်။

မီးလောင်လွယ်လောက်အောင် အလွန်အမင်း ခြောက်သွေ့ လေထန်တဲ့ အနေအထားကြောင့် မီးပိုကူးမယ့်အန္တရာယ်က ခြိမ်းခြောက်နေတယ်လို့ ပြည်နယ်ဝန်ကြီးတဦးက ပြောပါတယ်။

ဗြိတိသျှ ကိုလံဘီယာပြည်နယ် ဖို့ထ် နယ်လ်ဆင်မြို့ကို ဘေးကင်းရာ ရွှေ့လိုက်ရပါတယ်။

ဒီရာသီရဲ့ ပထမဆုံး အကြီးစား တောမီးက ကနေဒါ အနောက်တလွှားက သစ်တောဟက်တာ ၁၀,၀၀၀ လောက်ကို ကူးစက် လောင်ကျွမ်းနေလို့ ကနေဒါနိုင်ငံထဲက ပြည်နယ် ၅ ခုနဲ့ အမေရိကန်နိုင်ငံ မြောက်ပိုင်း အစိတ်အပိုင်းတွေ အပေါ်မှာပါ မီးခိုးတွေ ဖုံးလွှမ်းနေပါတယ်။

ဖို့ထ်နယ်လ်ဆင်မြို့ အပါအဝင် ပစိဖိတ်ပြည်နယ် မြောက်ပိုင်းက အခြေအနေက အလွန်အမင်း ခက်ခဲနေတယ်လို့ ဗြိတိသျှ ကိုလံဘီယာ ပြည်နယ်အရေးပေါ် စီမံခန့်ခွဲရေးနဲ့ ရာသီဥတု အသင့်ဖြစ်ရေး ဝန်ကြီး ဘိုးဝင်းမာက ပြောပါတယ်။

ဖို့ထ် မက်မာရေး နားက တောမီးတခုအပါအဝင် တောမီး ၂ ခုက အယ်လ်ဘာတာပြည်နယ်မှာ လောင်ကျွမ်းနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒါကြောင့် တနင်္လာနေ့မှာ ဖို့ထ် မက်မာရေးနားမှာ မီးတားမျဉ်းကို သတ်မှတ်ဖို့ ရဟတ်ယာဉ် ၁၃ စီးရဲ့ အကူအညီနဲ့ မီးသတ်သမား ၆ ယောက်က ဆောင်ရွက်နေပါတယ်။

ကနေဒါနိုင်ငံရဲ့ အစိတ်အပိုင်း အများအပြားမှာ ပုံမှန်ထက်ပိုတဲ့ နွေဦးနဲ့ နွေရာသီ အပူချိန်တွေကို ဟောကိန်းထုတ်ထားလို့ နောက်ထပ် ကပ်ဆိုက်တဲ့ တောမီးရာသီကို ရင်ဆိုင်နေရတယ်လို့ ကနေဒါ ပြည်ထောင်စုအစိုးရက အရင်လက ပြောခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013