Home
မြန်မာသတင်း
စစ်တပ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ အယောက် ၅,၀၅၀ ထိ မြင့်တက်
DVB
·
May 14, 2024
AAPPReport_14052024

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း မြန်မာနိုင်ငံတဝန်း စစ်တပ် အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ အယောက် ၅,၀၅၀ အထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၄၅၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၉၉၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်းကတော့ ၁၂၃ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၆ ယောက် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၆,၂၂၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီက ကောက်ယူရရှိထားတဲ့ သတင်းအချက်အလက်တွေအရ အခု မေ ၁ ရက်ကနေ ဒီကနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး ၁၈ ယောက်နဲ့ အမျိုးသား ၆၄ ယောက်၊ စုစုပေါင်း ၈၂ ယောက် သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ပြောပါတယ်။

အဆိုပါ ၈၂ ယောက်ထဲမှာတော့ အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်မှုကြောင့် ၃၈ ယောက် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၃၅ ယောက်နဲ့ သေဆုံးမှုအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁၀ ယောက်နဲ့ အမျိုးသား ၁၉ ယောက်၊ စုစုပေါင်း ၂၉ ယောက် သေဆုံးခဲ့ပြီး မကွေးတိုင်းမှာ ၁၅ ယောက်နဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်တယ်လို့ အေအေပီပီမှာဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013