Home
မြန်မာသတင်း
လက်ပံတန်းတွင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၁၀ ဦးကျော် သေဆုံး
DVB
·
May 12, 2024
GaLone PDF_12052024

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမတောင်ခြေ ထန်းပင်ချောင်ရွာမှာ မေ ၁၀ ရက်နေ့ညက စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်လို့ ၁၀ ယောက်ကျော် သေဆုံးခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ဆီက သိရပါတယ်။

အဲဒီစစ်ကြောင်းမှာ အင်အား ၃၀ ကျော်ပါပြီး ဒဏ်ရာရသူတွေလည်း ရှိသလို လက်နက်ငယ်ကျည်တချို့နဲ့၊ ၆၀ မမ ဗုံးသီးတလုံး သိမ်းဆည်းရမိတယ်လို့ သာယာဝတီ ဂဠုန်တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုတံခွန်က ပြောပါတယ်။

“ပဲခူးရိုးမတောင်ခြေကို စစ်ကြောင်းထိုးမယ့် သတင်းကြိုရလို့ လမ်းမှာ မိုင်းတွေထောင်ဆွဲလိုက်တာ၊ ၁၀ ကောင်ထက်မနည်း သေတယ်။ ဒီစစ်ကြောင်းက မေလ ၉ ရက်နေ့ညက မြို့အဝင်ဂိတ်မှာ တခြားပီဒီအက်ဖ်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပြီးတော့ ၁၀ ရက်နေ့ညမှာ ထန်းပင်ချောင်ကျေးရွာကို ပီဒီအက်ဖ်တွေ ရှိတယ်ဆိုပြီး သတင်းရလို့ စစ်ကြောင်းထိုးလာလို့ နှစ်ဖက် ပစ်ခတ်မှု ဖြစ်ရင်း ကျနော်တို့လည်း အင်အားမမျှလို့ပြန်ဆုတ်။ သူတို့လည်း အကျအဆုံးများလို့ ပြန်ဆင်းသွားတယ်” လို့ ပြောပါတယ်။

စစ်ကြောင်းဟာ ဆင်တလင်းရွာကို ဝင်ရောက်ပြီး လူနေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ ၂ ယောက်ကိုလည်း ဖမ်းဆီးပြီး လမ်းကြောင်းပြခိုင်းတယ်လို့ ဆိုပါတယ်။

ဈေးဆိုင်က ပစ္စည်းတွေကို ယူသွားသလို ၄၀ မမ တွေ၊ ၈၀ မမ တွေ အာပီဂျီတွေနဲ့ပါ ရွာထဲကိုပစ်လို့ ပြည်သူတယောက် ကျောကုန်းကို ရှပ်ထိသွားတယ်လို့ ကိုတံခွန်က ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကို သာယာဝတီခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။

အခုအချိန်မှာ တိုက်ပွဲအခြေအနေငြိမ်နေပေမယ့် မတ် ၁၁ ရက်နေ့ မနက်ပိုင်းက ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အပြင် ရွာသား ၄ ယောက်ကိုလည်း ထပ်ဖမ်းသွားတယ်လို့ သိရပါတယ်။

Photo - သာယာဝတီခရိုင်တပ်ရင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013