ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်ထဲက ကောင်းဘို့ဒေသမှာ တောင်ပေါ်ရွာတရွာဖြစ်တဲ့ ရွာဟောင်းကျေးရွာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က ဘိန်းစိုက်ပျိုးထုတ်လုပ်ခဲ့တဲ့ဒေသ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးနေရင်း အဲဒီခေတ် အစိုးရက ဓားမတချောင်းနဲ့ တူရွင်းတချောင်းကလွဲလို့ တခြားထောက်ပံ့တာ ဘာမှမရှိခဲ့ဘဲ အဓိက အသက်မွေးလုပ်ငန်းဖြစ်တဲ့ ဘိန်းစိုက်ပျိုးမှုကို လွန်ခဲ့တဲ့ ၁၉၇၀ ပြည့်နှစ်လောက်က တားမြစ်ခဲ့တဲ့အတွက် လက်ဖက်စိုက်ပျိုးမှုကို စတင်စေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံတွေက ပင်းတယကနေ ရွာငံဘက်မှာ လက်ဖက်မျိုးစေ့တွေကို သွားရောက်စုဆောင်းပြီး ဘိန်းအစားထိုးသီးနှံအနေနဲ့ လက်ဖက်ကို စတင်စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။
လက်ဖက်နဲ့အတူ သနပ်ဖက်တွေကိုလည်း စီးပွားဖြစ် စိုက်ပျိုးခဲ့ပြီး အဲဒီ ဆေးလိပ် လိပ်တဲ့ သနပ်ဖက်အပင်တွေ ပိုးကျလို့ အပေါက်တွေဖြစ်လာတဲ့အခါ ပိုးတွေကို မထိန်းနိုင်တော့ဘဲ သနပ်ဖက်အပင်တွေကို ခုတ်ပြီး လက်ဖက်ကို တိုးချဲ့စိုက်ပျိုးခဲ့ကြပါတယ်။ လက်ဖက်ပင်တွေ ကြီးမလာခင် အညွန့်တွေမခူးနိုင်တဲ့ ၆ နှစ်အတွင်း တခြားဝင်ငွေမရှိဘဲ ဆန်နဲ့ပြောင်းကို ရောစားခဲ့ရတဲ့အပြင် သားသမီးတွေကို ကျောင်းမထားနိုင်ဘဲ လက်ဖက်ပင်တွေ ကြီးလာအောင် စောင့်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုချိန်မှာ လက်ဖက်ပင်တွေ ကြီးလာပြီး မိသားစုရဲ့ အဓိကစီးပွားရေး ဖြစ်လာပေမဲ့ အဲဒီတုန်းက ပြောင်းဆန်စားပြီး လက်ဖက်ပင် စိုက်ပျိုးခဲ့ပုံကို ရွာဟောင်းရွာက လက်ဖက်တောင်သူ ဦးစက ပြန်ပြောင်း ပြောပြပါတယ်။
“ဒီဟာ ကျနော်မှတ်မိသလောက် ဘိန်းပိတ်လိုက်တဲ့အချိန်မှာ ဆန်နည်းနည်းနဲ့ ပြောင်းနဲ့ ရောစားကြတာ။ တအားခက်ခဲတယ်လေ။ ဒုက္ခရောက်တယ်။ ပြောင်းကလည်း ကြဲပြီးမှ ဆုံမှာ ပြန်ထောင်း။ စပါးလိုပဲ။ လက်ဖက်အပင်မကြီးခင်ကို တအားဒုက္ခလေ။ အဲဒါနဲ့လုပ်စား။ ဝက်တွေမွေး၊ နွားတွေမွေးပြီး ဆန်တွေ စပါးတွေ ဝယ်စားတယ်လေ။ သုံးဖို့ကတော့ မစဉ်းစားချင်ဘူး။ ကျနော့်လက်ထက်ကို ကျောင်း မိဘမထားနိုင်ဘူး။ ကျနော့်ညီတွေ၊ သူတို့လည်း ကျောင်းပြန်ခဲ့တယ်။ ကျောင်းပြန်လည်း ၂ တန်းလား။ ၃ တန်းလား။ ကျောင်းကလည်း ဝေးတယ်။ လမ်းမှာလည်း ကျောင်းမရောက်ဘူး။ ကျောင်းပြေးနေတာ။”
ဓာတ်ပုံ -တောင်ယာခုတ်ပြီး တိုးချဲ့စိုက်ပျိုးထားသော လက်ဖက်ခင်းများအား ပင်းတယ တောင်တန်းပေါ်တွင်တွေ့ရစဉ်။
ပင်းတယတောင်တန်းပေါ်က တကွက်ပြီးတကွက် တိုးလာတဲ့ သီးနှံစိုက်ခင်းများ…
ဇော်ဂျီမြစ်ရဲ့ ရေဝေရေလဲဒေသလို့ ဆိုကြတဲ့ ပင်းတယတောင်တန်းဒေသမှာ ဘိန်းအစားထိုး သီးနှံအဖြစ် လက်ဖက်ကို ဆက်လက်စိုက်ပျိုးလာကြသလို မိသားစုဝင်တွေ တိုးလာပြီးတဲ့နောက် တောင်ယာတွေကို ပိုပြီးခုတ်လာရပါတယ်။ သဘာဝတောတွေ တနှစ်ထက်တနှစ် လျော့နည်းလာတာနဲ့အမျှ ပိုပြီးပူပြင်းလာပါတယ်။ ပင်းတယမြို့ရဲ့ အပူဆုံးရာသီအချိန်မှာ ၂၆ ဒီဂရီစင်တီဂရိတ်လောက်ပဲ ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောကြပြီး အခုနှစ်မှာတော့ အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်မှာ တောင်ပေါ်သားတွေ အပူဒဏ်ကို ခံလာရသလို အပူကြောင့် လက်ဖက်အထွက်နှုန်းကလည်း ထက်ဝက်မက ကျဆင်းလာပါတယ်။ ပင်းတယ ဈေးပိုင်းရပ်က ဝါရင့်လက်ဖက်ကုန်သည်တဦးဖြစ်တဲ့ ဦးဘရွှေက ပွဲရုံကို ကျေးရွာတွေကနေ လက်ဖက်လာရောင်းတဲ့ ပမာဏာက အခုနှစ် မိုးမကျမီ လက်ဖက်ရာသီအစဖြစ်တဲ့ ရွှေဖီလို့ ခေါ်ကြတဲ့ လက်ဖက်ရွက်သစ်ကလေးတွေ ထွက်လာချိန်ဖြစ်တဲ့ ရွှေဖချိန် အပါအဝင် တရာသီပြီး တရာသီ အထွက်နှုန်း လျော့ကျလာတယ်လို့ ဆိုပါတယ်။ လက်ဖက်ခူးသမားတဦးက တနေ့ကို လက်ဖက်ရွက်စိမ်း ပိဿာချိန် ၁၂ ပိဿာလောက် ပျမ်းမျှ ခူးဆွတ်နိုင်ကြပေမဲ့ အခုအခါမှာတော့ ရွက်စိမ်းအထွက်နည်းလို့ လက်ဖက်ခူးသမားတဦးကို ရွက်စိမ်း ပိဿာချိန် ငါးပိဿာလောက်ပဲ ထွက်နိုင်တော့တယ်လို့ သုံးသပ်ပြပါတယ်။
“ဒီမှာ လက်ဖက်အထွက်နှုန်း ကျလာတာကတော့ ပြောရင် သေသေချာချာပြောနိုင်တာကတော့ လွန်ခဲ့တဲ့ ၆ နှစ်၊ ၇ နှစ်မှာ အထွက်နှုန်း သိသိသာသာ ကျသွားတယ်။ ပြောရင်တော့ အရင်အထွက်နှုန်းကို မမီတော့ဘူး။ ရွှေဖီထွက်တဲ့အချိန်ဆိုရင် ဒီလွယ်မိုင်းမှာရှိတဲ့ လက်ဖက်ခူးသမားတွေ ငှားရတယ်။ အခုက ငှားစရာမလိုဘူး။ သူ့ရွာကလူနဲ့ သူ့ဟာနဲ့သူတောင် ခူးဖို့မလုံလောက်ဘူး။ အဲလောက်ထိ အထွက်နှုန်းက ပြောင်းသွားတယ်။ ဒါ သိသာတာပေါ့လေ။ ဟိုတုန်းကပြောလို့ရှိရင် လူတယောက်က အမျိုးသမီးတယောက်က လက်ဖက်ခူးလို့ရှိရင် ရွက်စိမ်းပိဿာချိန် ပုံမှန်လုပ်တဲ့အချိန်ပေါ့ ၉ နာရီကနေ ညနေ ၅ နာရီဝင်တဲ့အချိန်ပေါ့၊ အမျိုးသမီးတယောက်က လက်ဖက်ခူးလို့ရှိရင် ၁၂ ပိဿာလောက်ရတယ်။ တချို့ လက်မြန်တဲ့လူဆိုရင် ၄၅ ပိဿာလောက်ရတယ်။ အဲဒါ ဘာလို့တုန်းဆိုတော့ လက်ဖက်က ရွက်နုထွက်လို့၊ လှိုင်လှိုင်ထွက်လို့ များများခူးလို့ရတာ။ အခုက လက်ဖက်က လှိုင်လှိုင်မထွက်တော့၊ အမျိုးသမီးတယောက်ခူးရင် ၅ ပိဿာလောက်ပဲ ထွက်တယ်။ တဝက်လောက် ကျတယ်။ အဲဒါကြည့်ရင် အထွက်နှုန်း တော်တော်ကျသွားတယ်။”
ဓာတ်ပုံ။ ၂၀၂၄ ရွှေဖီချိန်၌ ဈေးကွက်သို့တင်ပို့လာသော လက်ဖက်အစိုကုန်ကား တစီးကို ပင်းတယဈေးရှေ့တွင် တွေ့ရစဉ်။
အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ လက်ဖက်တောင်သူရဲ့ အကျပ်အတည်း…
၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ လက်ဖက်အစိုဈေးက တပိဿာကို ကျပ် ၁,၂၀၀ ကနေ ၃,၆၀၀ လောက် ရလာပေမဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့အတူ ဓာတ်မြေဩဇာနဲ့ စက်သုံးဆီဈေးတွေအပြင် ဆန်ဈေးကစလို့ အခြေခံစားကုန်၊ လူသုံးကုန်ဈေးတွေက နှစ်ဆ၊ သုံးဆ တက်လာပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီး ဖြစ်လာတဲ့ စစ်ပွဲတွေကနေ စစ်ရေးအရ လမ်းပိတ်ဆို့မှုတွေ ဖြစ်လာတဲ့အခါ လက်ဖက်တွေကို အနယ်နယ်အရပ်ရပ်ကို တင်ပို့ဖို့ကလည်း အကန့်အသတ်တွေ ဖြစ်လာပါတယ်။ ဒါကြောင့် ပွဲရုံကို လက်ဖက်သွားရောင်းတဲ့အခါ လက်ဖက်ဖိုး ငွေအပြည့်မချေနိုင်တာ၊ ကြွေးကျန်တာတွေ ဖြစ်လာပြီး စားဝတ်နေရေး အကျပ်အတည်းတွေ ပြန်ဖြစ်လာပါတယ်။ ဒီအခြေအနေကို ကောင်းဘို့နယ် ရွာဟောင်းကျေးရွာက လက်ဖက်တောင်သူ ဦးစက ပြောပါတယ်။
“ဒီခေတ်မှာတော့ နည်းနည်းပိုပြီးတော့ ဆိုးတာပေါ့။ ကျနော်တို့က ချွေတာပြီး သုံးနေရတာပေါ့။ အရင်ကတော့ ဘာပဲဝယ်ဝယ် ပေါတာပေါ့။ အခုချိန်ကတော့ ကိုယ်ရောင်းတဲ့လက်ဖက်က ဘယ်လောက်ပဲ ဈေးကြီးကြီး ကိုယ်က ဝယ်ရတဲ့ ပစ္စည်းတွေကလည်း ဈေးကောင်းတယ်။ ဈေးကြီးတော့ ချွေတာနိုင်မှ ကိုယ့်ဖို့ နည်းနည်းကျန်တယ်။ ဘာမှအဆင်မပြေဘူး။ အခုကတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ နေတာ ထိုင်တာကအစ။ အရင်ထက် တော်တော်ဆိုးသွားတယ်လေ။ ၂၀၁၅-၁၆ အဲလောက်အချိန်တုန်းက ကျနော်တို့က သုံးရလည်းလွယ်တယ်၊ လုပ်ရလည်းလွယ်တယ်။ လက်ဖက်ဈေး မကောင်းပေမဲ့လည်း အများကြီး ပိုတယ်လေ။ အခုနောက်ပိုင်းကျတော့ သိပ်ပြီးမပိုတော့ဘူး။”
ဓာတ်ပုံ။ ပင်းတယတောင်တန်းပေါ်တွင် ၂၀၂၄ ရွှေဖီချိန်၌ လက်ဖက်ညွှန့်များ ထွက်ရှိလာစဉ်။
မြေဆီလွှာအာဟာရ ပြန်လည်ဖြည့်တင်းဖို့ လိုနေတဲ့ လက်ဖက်စိုက်ခင်းများ…
မြန်မာ့လက်ဖက် စိုက်ပျိုးထုတ်လုပ်မှုမှာ ပေါင်းရှင်းတာ၊ ကိုင်းဖြတ်တာတွေကို လုပ်လေ့ရှိကြပေမဲ့ အပင်က စားသုံးလိုက်တဲ့ မြေဆီဩဇာကို ဓာတ်မြေဩဇာ ဒါမှမဟုတ် သဘာဝမြေဩဇာတွေ ပြန်လည်ဖြည့်တင်းတာ မရှိသလောက်နည်းပါးပြီး အဲဒီအတိုင်း စိုက်ပျိုးထုတ်လုပ်တဲ့ ပုံစံကို သဘာဝအတိုင်း စိုက်ပျိုးကြတာဖြစ်တယ်လို့ လက်ဖက်တောင်သူတွေက ဂုဏ်ယူပြီး ပြောဆိုလေ့ရှိကြပါတယ်။ ဒီလို အာဟာရဓာတ် ပြန်လည်ဖြည့်တင်းတာ မရှိတဲ့အတွက် လက်ဖက်အညွန့်တွေကို ခူးဆွတ်တဲ့အခါ ကျွတ်ဆတ်ပြီး ဒေါင်ကနဲ မြည်လာရတာက မဂ္ဂနီစီယမ်ဓာတ် ချို့တဲ့နေတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါကြောင့် လက်ဖက်အညွန့်တွေနဲ့ ရွက်စိမ်းတွေ အထွက်နှုန်းကောင်းအောင် နွားချေးကအစ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာတွေ ပြန်လည်ဖြည့်တင်းပြီး အပင်ပြုစု ထိန်းသိမ်းတာတွေ ဆောင်ရွက်သင့်ပေမဲ့လို့ ကုန်ဈေးနှုန်းကြီးလာလို့ ဝင်ငွေနဲ့ ထွက်ငွေ မကာမိတော့တဲ့ လက်ဖက်တောင်သူတွေမှာ အဲဒီလို ဆောင်ရွက်နိုင်တာ မရှိတော့ဘူးလို့ ပင်းတယ လက်ဖက်အသင်းရဲ့ နာယကတဦးလည်းဖြစ်သူ ဦးဘရွှေက ဖြည့်စွက် သုံးသပ်ပါတယ်။
“ပင်းတယက ဒီ Green Tea အဆင့်ကို ထုတ်လုပ်နိုင်တာရယ်၊ နောက်တော့ ပင်းတယက လက်ဖက်အစိုကို အသင့်စားသုံးနိုင်တဲ့အထိ ထုတ်လုပ်နိုင်တာရယ်၊ ဒါတွေက ခုနပြောတဲ့ လက်ဖက်လုပ်ငန်းနဲ့ ပတ်သက်ရင် ဖွံ့ဖြိုးလာတယ်။ နောက် တဖက်က ပြောတဲ့အခါကျတော့ ခုနပြောတဲ့ လက်ဖက်ပင်တွေကို ခြံရှင်တွေက သူ့ကို စနစ်တကျပြုပြင်တာတွေ ဘယ်လိုပြောမလဲဆိုတော့ အထွက်နှုန်းကောင်းအောင် သူ ငွေကုန်ကြေးကျခံပြီး မလုပ်နိုင်တော့ဘူး။ ထွက်လာတာကိုပဲ ခူးပြီးရောင်းရတဲ့အဆင့်ဆိုတော့ လက်ဖက်ပင်တွေကို ခုနပြောတဲ့ မြေဆီလွှာထိန်းသိမ်းတာတွေ၊ အပင်တွေ မြေဆီဩဇာ နည်းပြီဆိုတော့ မြေဆီဩဇာ ကျွေးဖို့လိုလာတယ်။ ခုန ပြုပြင်ထိန်းသိမ်းတာတွေ သူတို့က မလုပ်နိုင်ဘူး။ ထွက်လာတာတွေကို ထမင်းစားရဖို့ အရေးကြီးတော့ ထွက်ရှိမှုအပိုင်းမှာ အားနည်းလာတယ်။ ငွေကြေးမရှိလို့ပေါ့။”
ဓာတ်ပုံ။ ရွာဟောင်းကျေးရွာ၌ လက်ဖက်စို ထုတ်လုပ်နေသည့် မြင်ကွင်း။
ထုတ်ကုန်အရည်အသွေး မြှင့်တင်ဖို့လိုနေတဲ့ မြန်မာ့လက်ဖက်…
မြန်မာ့လက်ဖက်တောင်သူတွေရဲ့ မိရိုးဖလာထုတ်ကုန်က အချိုခြောက်၊ အခါးခြောက်လို့ ခေါ်ကြတဲ့ နေလှန်းလက်ဖက်ခြောက်နဲ့ လက်ဖက်အစို ၂ မျိုးသာ ထုတ်လုပ်ကြပြီး ကျေးရွာတချို့မှာတော့ ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလလောက်မှာ Green Tea လက်ဖက်ခြောက်ကို ထုတ်လုပ်လာနိုင်တာ ဖြစ်ပါတယ်။ လက်ဖက်စို၊ လက်ဖက်ခြောက် ဖြစ်ဖို့အတွက် လက်ဖက်ခူးဆွတ်ရာမှာ စံသတ်မှတ်ချက်ဖြစ်တဲ့ နှစ်ရွက်တညွန့် ခူးဆွတ်ကြတာမဟုတ်ဘဲ အညွန့်ထွက်လာတဲ့ အခက်တခက်လုံးနီးပါးကို ခူးဆွတ်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ဖက်ခြောက်ပဲဖြစ်ဖြစ်၊ လက်ဖက်အစိုပဲဖြစ်ဖြစ် အရည်အသွေးကောင်းတဲ့ လက်ဖက်အညွန့်နဲ့ အရည်အသွေးညံ့တဲ့ ရွက်ကြမ်းတွေကို ရောနှောနေတဲ့အတွက် လက်ဖက်တောင် သူတို့မှာ အခြေခံအကျဆုံး ထုတ်လုပ်သူ အရင်းအမြစ် ဖြစ်နေပေမဲ့ ဈေးအနည်းဆုံးသာ ရရှိနေကြတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ရွာဟောင်းကျေးရွာက လက်ဖက်တောင်သူ မောင်ခမ်းက လက်ဖက်အစိုဈေးကွက် အခြေအနေကို ပြောပြပါတယ်။
“ကုန်ဈေးနှုန်းတွေကျတော့ ဘယ်လိုပြောရမလဲ၊ ကွာခြားမှုတွေ အများကြီးရှိတာပေါ့။ ငါတို့ထုတ်တဲ့ကုန်တွေက ကုန်ကြမ်းတွေ ထုတ်တာကိုး။ ပင်ရင်းကနေ ကုန်ချောတွေ ဘယ်သူမှ မထုတ်ကြဘူး။ ကွာတယ်ဆိုတာက အစအဆုံးရှင်းပြရရင် တဝက်နှုန်းလောက် ကွာတယ်။ ငါးဆယ်ရာခိုင်နှုန်းလောက် ကွာတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကုန်ကြမ်းတွေကျတော့ ၃,၅၀၀၊ ၄,၀၀၀ ကြားမှာရှိတယ်။ ကုန်ချောပြန်ဖြစ်သွားရင်တော့ ၆,၅၀၀၊ ၇,၀၀၀ အထိတောင် ကောက်တာရှိတယ်။ ကွာတာတော့ အများကြီးကွာတယ်။ ဒါပေမဲ့ အဓိကကတော့ ကုန်ကြမ်းနဲ့ ကုန်ချောပေါ်မှာလည်း ကွာတယ်။”
ဓာတ်ပုံ။ ရှမ်းပြည်တောင်ပိုင်း ပင်းတယဒေသရှိ လက်ဖက်စိုက်ခင်းတခုအား တွေ့ရစဉ်။
မြန်မာနိုင်ငံက အာရှဒေသအတွင်း လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုမှာ အဆင့် ၇ နေရာမှာရှိနေ..
အာရှဒေသအတွင်းမှာ မြန်မာ့လက်ဖက် စိုက်ပျိုးထုတ်လုပ်မှုက တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေပြီးရင် စုစုပေါင်းထုတ်လုပ်မှု တန်ချိန် တသိန်းကျော်နဲ့ အာရှနိုင်ငံအတွင်း သတ္တမမြောက်နိုင်ငံနေရာမှာ ရှိနေတယ်လို့ ၂၀၂၁ ခုနှစ်မှာ FAO က ထုတ်ပြန်ထားပါတယ်။ စုစုပေါင်း ကောက်ယူထားတဲ့ ကမ္ဘာ့လက်ဖက် စိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်တဲ့ နိုင်ငံပေါင်း ၄၆ နိုင်ငံစာရင်းမှာ အာရှနိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်ပြီး မြန်မာက အာရှအဆင့် နံပါတ် ၇ နေရာမှာ ရှိနေတာဖြစ်ပါတယ်။
ဓာတ်ပုံ။ မြန်မာ့လက်လှော်လက်ဖက်ခြောက် ခပ်ထားတဲ့ ရေနွေးကြမ်း။
ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လျှောက်ထားတဲ့ မြန်မာ့လက်ဖက် စားသုံးတဲ့ ဓလေ့…
မြန်မာ့တို့ရဲ့ လက်ဖက်ရည်ကြမ်းဓလေ့ကလည်း ရှေးနှစ်ပေါင်းများစွာကတည်းက ရှိနေပြီး နိုင်ငံတကာမှာလည်း သောက်သုံးလေ့ရှိပေမဲ့ လက်ဖက်ရွက်ကို ပြုတ်ပြီး အချဉ်ပေါက်လာတဲ့ အခါမှာ ပဲစေ့အကြော်စုံနဲ့ စားကြတဲ့ လက်ဖက်အစိုစားတဲ့ ဓလေ့ကတော့ မြန်မာတနိုင်ငံတည်းမှာရှိတဲ့ စားသုံးမှုပုံစံပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ နှစ်ရာချီ သက်တမ်းရှိတဲ့ လက်ဖက်ပင်ကြီးတွေကို သီးသန့်ရွေးချယ်ပြီး နှစ်တရာလက်ဖက်အဖြစ် ဈေးကွက်သီးသန့်ထားပြီး တရုတ်နိုင်ငံက နှစ်စဥ်ဝယ်ယူလေ့ ရှိပါတယ်။ ဒါကြောင့် မြန်မာ့လက်ဖက်ယဥ်ကျေးမှုက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ် ၆၀၀ လောက်ကနေ ရှိခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံလက်ဖက်အသင်းက ထုတ်ပြန်ထားပြီး မြန်မာ့လက်ဖက်စားသုံးတဲ့ ဓလေ့ကိုလည်း ယူနက်စကို ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုဖို့ လျှောက်ထားလျက် ရှိပါတယ်။
မြန်မာ့လက်ဖက်လုပ်ငန်း အဓွန့်ရှည်ဖို့ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများ..
လက်ဖက်ပင်က အမြင့်ပေ ပေ ၅၀ ကနေ ပေ ၆၀ အတွင်း စိုက်ပျိုးနိုင်ပြီး တောင်ပေါ် မြေနီမှာ ပိုပြီး ဖြစ်ထွန်းလွယ်တဲ့အပြင် အမြင့်ပိုင်းကိုရောက်လေ အနံ့အရသာ ပိုမိုကောင်းမွန်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း လက်ဖက် အဓိကစိုက်ပျိုးရာဒေသက ရှမ်းပြည်နယ်ဖြစ်ပြီး ချင်းပြည်နယ်၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာလည်း စိုက်ပျိုးထုတ်လုပ်ကြတာ ဖြစ်ပါတယ်။ တနိုင်ငံလုံးမှာ လက်ဖက်စိုက်ဧကပေါင်း ၂ ဒသမ ၄ သိန်း စိုက်ပျိုးထုတ်လုပ်ထားတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ဖက်စိုက်ပျိုးထုတ်လုပ်ရာ ဒေသတွေမှာ စုံလင်ကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးတွေအလိုက် လက်ဖက်ထုတ်လုပ်တဲ့ နည်းစနစ်နဲ့ ယဥ်ကျေးမှုအစဥ်လာတွေက မတူကွဲပြားစွာ ရှိနေကြတာပဲ ဖြစ်ပါတယ်။
ဒီလို ပြည်တွင်းဈေးကွက် အခိုင်အမာရှိပြီး နိုင်ငံတကာဈေးကွက်ကိုလည်း တင်ပို့နိုင်ပေမဲ့ ကိုယ်ပိုင်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ တန်ဖိုးမြင့် လက်ဖက်ထုတ်ကုန် အမယ်သစ်တွေကတော့ လက်ဖက်ထုတ်လုပ်ရာ ဒေသအလိုက် ထုတ်လုပ်လာနိုင်ဖို့ လိုအပ်နေပါတယ်။ ဒါ့အပြင် ထုတ်ကုန်လုပ်ငန်းတိုင်းမှာ အဓိကကျတဲ့ R and D လို့ခေါ်ကြတဲ့ Research and Development လုပ်ငန်းတွေကလည်း လက်ဖက်လုပ်ငန်းမှာ အရေးတကြီး လိုအပ်နေပါတယ်။ ဒီအခြေအနေကို ပြီးခဲ့တဲ့ အရပ်သားအစိုးရ သက်တမ်းကာလမှာ မြန်မာ့လက်ဖက်ပညာသင်ကျောင်း ဖွင့်လှစ်ဖို့ ပြင်ဆင်ခဲ့သူတဦးဖြစ်တဲ့ NARA Green Tea မှ ဦးကျော်သီဟက ပြောပါတယ်။
“ကိုယ်အမြဲပြောတယ်။ တို့နိုင်ငံက တောတောင်ရေမြေ သဘာဝအရရော၊ တိုင်းရင်းသား လူမျိုးတွေရဲ့ အနေအထားအရရော၊ ထူးခြားတဲ့ ဝိသေသတွေရှိတယ်။ တကယ်လုပ်မယ်ဆိုရင် တရုတ်ပြည်ကို ကိုယ်တို့က ယှဉ်လို့ရတယ်။ ဆိုလိုတာ အခု လက်ဖက်ခြောက်ဆိုရင် တရုတ်မျိုးနဲ့ထုတ်မှ ကောင်းမယ်။ အချိုခြောက်ဆိုရင်လည်း ကုလားမျိုး၊ အာသံမျိုးနဲ့ထုတ်မှ ကောင်းမယ်။ သူတို့တွေမှာက အာသံမျိုးတို့၊ တရုတ်မျိုးတို့မှာ နှစ်ပေါင်းရာနဲ့ချီ R and D တွေ ရှိခဲ့တာ။ သူတို့ရဲ့မျိုးကို ဘယ်လိုနည်းစနစ်တွေ၊ ဘယ်လိုနည်းပညာတွေ၊ ဘယ်လို စက်ပစ္စည်းတွေနဲ့ ထုတ်လို့ရှိရင် ဘယ်လိုကောင်းသွားမယ်ဆိုတာ သူတို့တွေက နှစ်ပေါင်းများစွာ သိခဲ့တာ။ တို့မြန်မာမှာ အဲ့ R and D လုံးဝမရှိခဲ့ဘူး။ တို့နိုင်ငံမှာရှိတဲ့ လက်ဖက်မျိုးကို တို့က တရုတ်နည်းပညာ ခိုးချပြီးတော့ ထုတ်လိုက်၊ အိန္ဒိယနည်းပညာကို ယူပြီးတော့ ထုတ်လိုက်၊ ထုတ်နေရတာ၊ မြန်မာ့လက်ဖက်မျိုးကို မြန်မာ့နည်းပညာနဲ့ထုတ်တာ လက်ဖက်အစိုတခုပဲ ရှိတယ်။ တချို့တွေဆိုရင် တရုတ်က လက်ဖက်မျိုးတွေ သွင်းမယ်ပေါ့။ တရုတ်မျိုးကို မြန်မာပြည်မှာ စိုက်တယ်။ တရုတ်လူမျိုးတွေနဲ့ထုတ်တယ်၊ တရုတ်နည်းပညာကို သုံးပြီး ထုတ်တယ်။ တရုတ်ဈေးကွက်ကို ပို့တယ်။ ကိုးကန့်လို့ခေါ်တဲ့ ဧရိယာလေးပဲ၊ မြန်မာပိုင်ဆိုတဲ့ မြေလေးပဲ နာမည်တခုပဲ ရှိတော့တာ။ ကျန်တာက တရုတ်မျိုး၊ ထုတ်တာက တရုတ်လူမျိုး၊ နည်းပညာက တရုတ်နည်းပညာ၊ ပို့တာက တရုတ်ဈေးကွက်၊ အဲ့တော့ အဲ့လက်ဖက်က တရုတ်ပြည်မှာ ရွှေတံဆိပ်သွားရတယ်။ ဆိုလိုတာက မြန်မာ့လက်ဖက်မဟုတ်ဘူး။ ဆိုလိုတာက ပင်းတယက လက်ဖက်ကို ဓနုကြီးကထုတ်ပြီးတော့ ဓနုရိုးရာ လက်ဖက်ထုတ်တဲ့နည်းနဲ့ ထုတ်ပြီးတော့ နိုင်ငံတကာဈေးကွက်ကို ပို့ပြီးတော့ နိုင်ငံတကာမှာ ဆုရတယ်ဆိုရင် ကိုယ်တို့ တကယ်ပျော်ရမှာ။ အခုက အဲ့လိုမဟုတ်ဘူး။ အဲ့တော့ ကိုယ်တို့ မြန်မာနိုင်ငံမှာရှိတဲ့ လက်ဖက်မျိုးတွေနဲ့ပတ်သက်ပြီးတော့ R and D အရမ်းအားနည်းနေတယ်။”
မိရိုးဖလာ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုကနေ အစိမ်းရောင်ကန္တာရအမှားကို ကျော်လွှားပစ်မယ့် ဂေဟစနစ် အထောက်ကူပြု လက်ဖက်စိုက်ပျိုးရေးလုပ်ငန်း…
FAO ရဲ့ ၂၀၂၁ ခုနှစ်မှာ ထုတ်ပြန်တဲ့ စာရင်းတွေအရ ကမ္ဘာ့လက်ဖက်အများဆုံး ထုတ်လုပ်တဲ့ တရုတ်နိုင်ငံက နှစ်စဉ် စုစုပေါင်း လက်ဖက်တန်ချိန်ပေါင်း ၁၄ သန်းနီးပါး ထွက်ရှိနေပါတယ်။ ဒါ့အပြင် လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုမှာ မြန်မာရဲ့အထက် နံပါတ် ၆ နေရာမှာရှိနေပြီး အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ထုတ်လုပ်မှုက စုစုပေါင်းတန်ချိန် ၄ သိန်းနီးပါးမှာ ရှိနေပြီး မြန်မာနိုင်ငံထက် တန်ချိန် ၃ သိန်းနီးပါး ပိုပြီးထုတ်လုပ်နေတာ ဖြစ်ပါတယ်။
မြန်မာတို့ရဲ့ မိရိုးဖလာ လက်ဖက်စိုက်နည်းစနစ်က တောင်စောင်း ဆင်ခြေလျှောတလျှောက်မှာ ပင်ခြား တန်းခြားချန်ပြီး သဘာဝမိုးရေနဲ့သာ အားပြုစိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်းနိုင်ငံငယ်လေးဖြစ်တဲ့ သီရိလင်္ကာနိုင်ငံက မြန်မာနိုင်ငံထက် များစွာသေးငယ်ပေမဲ့ အပင်စိပ်စိပ်စိုက်ပျိုးနည်းဖြစ်တဲ့ ကွန်တိုလိုင်းနဲ့ စိုက်ပျိုးတဲ့အတွက် သေးငယ်ပေမဲ့ လက်ဖက်အထွက်နှုန်းမှာတော့ တန်ချိန် ၁ သန်းကျော် ပိုပြီးထွက်ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အရင်က မြန်မာ့လက်ဖက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင် စိုက်ပျိုးမြေတွေကို ပြုပြင်ပြီး တဧက အပင်ဦးရေ များများဝင်အောင် ပြုပြင်စိုက်ပျိုးဖို့ အားပေးခဲ့ကြပေမဲ့ အခုခါမှာတော့ သီးနှံတမျိုးတည်းကို တကွင်းတစပ်တည်း ဧကကျယ်ကျယ် စိုက်ပျိုးလာကြတာကို အစိမ်းရောင်ကန္တာရလို့ ပြောဆိုလာကြပါတယ်။ ဒါကြောင့် ရာသီဥတုပြောင်းလဲပြီး ဂေဟစနစ် ထိခိုက်စေမယ့် တောပြောင်အောင်ရှင်းပြီး လက်ဖက်စိုက်ဧက တိုးချဲ့တာတွေ မလုပ်ဘဲ ဂေဟစနစ်ကို အကျိုးပြုမယ့် လက်ဖက်စိုက်နည်း စနစ်တွေကို အားပေးလာပါတယ်။ ဒီစနစ်ကို အသိအမှတ်ပြုမယ့် Bio Tea Certificate ပါရင် နိုင်ငံတကာ လက်ဖက်ဈေးကွက်မှာ ဈေးပိုရလာမှာဖြစ်လို့ ဒီစနစ်နဲ့ စိုက်ပျိုးလာအောင် အားပေးကြဖို့ လိုအပ်တယ်လို့ ပြောဆိုလာကြပါတယ်။ ဒါကြောင့် မြန်မာ့လက်ဖက်မှာ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံပြီး ရိုးရာထုတ်ကုန်အမယ်သစ်တွေ ထုတ်လုပ်ဖို့ လိုအပ်နေသလို ဂေဟစနစ်ကို အကျိုးပြုတဲ့ လက်ဖက်စိုက်ခင်းတွေ ဖြစ်လာဖို့လည်း လိုအပ်နေတယ်လို့ မြန်မာတနိုင်ငံလုံးရှိ လက်ဖက်ထွက်ရှိရာ ဒေသတွေကို သွားရောက်ပြီး လက်ဖက်အထွက်တိုးဖို့နဲ့ ဈေးကွက်ဝင် လက်ဖက်ထုတ်ကုန်တွေ ထုတ်လုပ်လာနိုင်အောင် နည်းပညာပေး ဖြန့်ဝေနေသူလည်းဖြစ်တဲ့ ဦးကျော်သီဟက ဖြည့်စွက်ပြောပါတယ်။
“အခု လက်ဖက်ကို အပြောင်ရှင်းပြီး လက်ဖက်ချည်းပဲ စိုက်ထားတာထက် သစ်တော သစ်ပင်တွေထဲမှာ စိုက်တဲ့ လက်ဖက်ကို ဈေးပိုပေးတဲ့ Certificate ထွက်လာပြီ။ Bio Forestry Tea ဆိုတာ သီရိလင်္ကာကနေ စပြီးတော့ထွက်တယ်။ အဲဒါကို ဆာတီဖီကိတ် ပေးတယ်။ သစ်တောတွေ၊ သစ်ပင်တွေအောက်မှာ စိုက်တဲ့ လက်ဖက်၊ အဲ့အတွက်ကို Bio Diversity ပဲခေါ်တယ်။ အဲဒါကို ထိန်းသိမ်းပြီး စိုက်တဲ့အခါမှာ အော်ဂဲနစ်တို့ Fair Trade တို့လိုပဲ ဆာတီဖီကိတ် ပေးတယ်။ အဲဒါကပ်နိုင်ရင် ဈေးပိုရတယ်။ ဒါမျိုး တောင်သူတွေ ကြိုးစားဖို့လိုတယ်။ သူတို့ကို အသိပညာပေးဖို့ အရမ်းအရေးကြီးတယ်။ ဒီတောင်သူတွေက လက်ဖက်အများကြီးစိုက်လို့၊ အများကြီးထွက်လို့ ပိုက်ဆံများများရမယ်ဆိုတာထက် ၅ ဧကလောက် သစ်တောထဲမှာ စိုက်ပြီးတော့ ဧကတရာစာလောက် ပိုက်ဆံရမယ့်ဟာမျိုးကို သူတို့ကို နည်းပညာပေးနိုင်လို့ရှိရင် သူတို့တွေ တက်မှာ၊ အဲအတွက်ကိုလည်း ဈေးကွက်ကို ဖော်ဆောင်ပေးနိုင်ရမယ်၊ အချိတ်အဆက်တွေ ရှိရမယ်။ သေချာတာကတော့ အစိုးရသည် ပြည်သူတွေပြောတာကို လုပ်နိုင်တဲ့အစိုးရမျိုး ဖြစ်ဖို့လိုတယ်။ ပြည်သူတွေ တောင်းဆိုတာကို လုပ်နိုင်တဲ့ အစိုးရမျိုး ဖြစ်ဖို့လိုတယ်။”
ဓာတ်ပုံ။ လက်ဖက်စိုက်ပျိုးထုတ်လုပ်ရာ၌ ဂေဟစနစ်ကို အကျိုးပြုလာစေရန် ကွင်းဆင်းဆောင်ရွက်နေသည့် MTLC မှ နည်းပညာရှင်တဦး။
လတ်တလောမှာ ဂေဟစနစ်ကို အကျိုးပြုတဲ့ လက်ဖက်ထုတ်ကုန်တွေ ရရှိလာအောင် Myanmar Tea Leaf Co.,Ltd နဲ့ HELVETAS Myanmar တို့ ပူးပေါင်းပြီး ရွာငံဒေသရှိ အထူးတန်း ကော်ဖီစတင်ရာ ဒေသဖြစ်တဲ့ မြစေတီရွာ အပါအဝင် မြအေးသီ၊ မြသိန်းတန်၊ ရွာငံနဲ့ ပင်းတယ ဖြတ်လမ်းပေါ်က အလယ်ချောင်ကျေးရွာတို့မှာ ရေအရင်းအမြစ်တွေ မဆုံးရှုံးဖို့၊ ရေလမ်းကြောင်းတွေ မပြောင်းလဲဖို့ စတင်ဆောင်ရွက်နေတယ်လို့ MTLC မှ ဂေဟနစ်ဆိုင်ရာ နည်းပညာရှင်ဖြစ်သူက ပြောပါတယ်။
“ကျမရဲ့ တောင်သူသည် လက်ဖက်အထွက်နှုန်း ကောင်းမွန်ဖို့လည်း မဟုတ်ဘူး၊ ရာသီဥတုလည်း ကောင်းမွန်ရမယ်။ အခုလက်ရှိ ရွာငံသည် တဖြည်းဖြည်း တစတစ ပူလာတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ရာသီဥတုကို ကျမတို့ ပြန်ပြီးတော့ ယူနိုင်အောင် လုပ်ရမယ်။ ပြီးလို့ရှိရင် ကျမတို့ ရွာငံမှာ ရေက တဖြည်းဖြည်းနဲ့ စခန်းလာပြီ။ ပြန်ပြီးတော့မှ ရေကြောကို ပြန်ရှာပြီး ရေကြောကို မခန်းခြောက်အောင်၊ ရေကြောကိုမရွေ့အောင် ဘယ်လိုလုပ်မလဲ အပိုင်းရယ်၊ ရွာငံရဲ့ သစ်တောတွေ ပြန်ပြီးတော့ ပြန်ပေါက်လာအောင် ရွာငံမှာရှိတဲ့ ဂေဟစနစ် မပျက်စီးအောင် ဒီမှာရှိတဲ့ အကောင်လေးတွေ သဘာဝအတိုင်း ရှင်သန်အောင် ကျမတို့ကုမ္ပဏီကနေ လောလောဆယ်မှာ တာဝန်ယူ ဆောင်ရွက်နေပါတယ်။”
လတ်တလောမှာ Bio Tea ထုတ်လုပ်လာနိုင်ဖို့ ကြိုးစားလာတာက တောင်သူတွေအတွက် ရေရှည်တည်တံ့တဲ့ လက်ဖက်လုပ်ငန်း ဖြစ်လာဖို့ မျှော်လင့်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကျပ်ငွေတန်ဖိုး ကျဆင်းလာတာ၊ ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်တဲ့ ဆန်စပါးကအစ မရှိမဖြစ် အရေးပါတဲ့ စက်သုံးဆီအဆုံး အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်လာတာ၊ တိုက်ပွဲတွေကြောင့် လမ်းပိတ်ဆို့ထားတာတွေက အခြားသီးနှံတွေလိုပဲ စိုက်ပျိုးထားသလောက် မရောင်းရတဲ့ အခြေအနေကို လက်ဖက်တောင်သူတွေလည်း ခါးစည်းခံနေရဦးမှာ ဖြစ်ပါတယ်။