Home
မြန်မာသတင်း
နောင်ချိုနှင့် ဗန်းမော်ခရိုင်တွင် စစ်ကောင်စီကြောင့် ပြည်သူ ၁၁ ဦးသေဆုံး
DVB
·
May 12, 2024
BanMaw Bomb_12052024

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် ပြည်သူ ၉ ဦးလောက် သေဆုံးပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်လို့ မိသားစုဝင် ၂ ဦး သေဆုံးခဲ့ပါတယ်။

နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်က မေ ၁၀ ရက်နေ့ ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူနေအိမ်ပေါ် တည့်တည့်ကျရောက်ပြီး နေအိမ်အတွင်းက မိသားစုဝင် ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

အုမ္မတီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ၄ ချက်ပစ်ခတ်ခဲ့တာမှာ တလုံးက နေအိမ်အပေါ်တည့်တည့်ကျပြီး နေအိမ်အတွင်းက ဖခင်ဖြစ်သူနဲ့ သမီးဖြစ်သူတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“အိမ်ပေါ်ကို လက်နက်ကြီးတည့်တည့်ကျတာပါ။ အသက် ၄ နှစ်အရွယ်ကလေးရယ်၊ အသက် ၂၀ အရွယ် လင်မယားနဲ့ အမျိုးသားတဦး ဒဏ်ရာပြင်းထန်ပြီး အဖေနဲ့သမီး ဆုံးသွားတာပါ။ အိမ်နီးချင်းတယောက်လည်း ထိမှန်ထားတယ်” လို့ပြောပါတယ်။

အသက် ၆၀ အရွယ် ဖခင်ဖြစ်သူနဲ့ အသက် ၂၀ အရွယ် သမီးဖြစ်သူတို့ သေဆုံးခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးဆယ်ရွာကို လက်နက်ကြီးပစ်ခတ်တာကြောင့် သေဆုံးတဲ့ ပြည်သူ ၈ ယောက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ရွာမှာ PDF လည်းမရှိဘူး။ TNLA လည်း မရှိပါဘူး။ သူတို့ လက်နက်ကြီးပစ်လိုက်တိုင်း ထိတာက ပြည်သူတွေပါပဲ။ လက်နက်ကြီးက အမြဲတမ်းလိုလို ရမ်းပစ်နေတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က သုံးဆယ်ကျေးရွာဘက်ကို လက်နက်ကြီး မကြာခဏ ရမ်းပစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်ကြသူတွေရှိသလို စီးပွားရေးရှိနေတာကြောင့် မတိမ်းရှောင်ဘဲ လုပ်ကိုင်စားသောက် နေကြရသူတွေလည်း ရှိပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်က ဗန်းမော်မြို့နယ်၊ မံစီမြို့နယ်၊ မိုးမောက်မြို့နယ်တို့မှာ အခုရက်ပိုင်းအတွင်း ကချင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KIA/PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်တာတွေလုပ်လို့ အိမ်ခြေအများအပြား ပျက်စီးခဲ့ရပြီး ဒေသခံ ၉ ယောက်ထက်မနည်းသေဆုံး၊ ကလေးငယ်တချို့ ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့ခံတယောက်က “ဟုတ်ပါတယ်။ ဗန်းမော်ကနေ မရပ်မနား လက်နက်ကြီးတွေ နေ့ရောညရော ပစ်ခတ်သံတွေဆူညံနေတယ်။ ၁၀ ရက်နေ့က မိုးမောက် မံပုံဘက်မှာ ထွက်မရလို့ ကျန်ထားတဲ့ မစိန်ဆိုတဲ့အမျိုးသမီးတဦး လက်နက်ကြီးထိဆုံးတယ်။ ၁၁ ရက်နေ့က ကျန်ထားတဲ့ ရွာသားအမျိုးသား ၄ ဦး လက်နက်ကြီးထိပြီး တပြိုင်တည်းဆုံးသွားတယ်။ တယောက်လည်း ထိခိုက်ဒဏ်ရာရထားတယ်။ ငှက်ပျောတောရွာဘက်က အသက် ၁၀ နှစ်အရွယ်ကလေးနဲ့ ဟန်းတဲရပ်ကွက်က ကလေးတယောက်လည်း လက်နက်ကြီးထိလို့ စိုးရိမ်ရတယ်။ အခုချိန်ထိ လေယာဉ်နဲ့ ညကတည်းကကြဲနေတာ။ လက်နက်ကြီးတွေရောပစ်နေတာ မရပ်သေးဘူး” လို့ ပြောပါတယ်။

မံစီမြို့ကနေ ဗန်းမော်ကို စစ်ရှောင်လာတဲ့ ဒေသခံတယောက်ကလည်း မံစီမြို့ထဲမှာ စစ်တပ်က လက်နက်ကြီးနဲ့လှမ်းလှမ်းပစ်နေတာကြောင့် ကျန်ခဲ့သူတချို့ သေဆုံးတယ်လို့ သိရကြောင်း ပြောပါတယ်။

ဂျိန်းဖော့မြေရပ်ကွက်နဲ့ ကောင်ရာက အသက် ၄၀ ကျော်အမျိုးသား ၁ ယောက်၊ သက်လတ်ပိုင်း အမျိုးသမီး ၂ ဦးဟာ ဗုံးခိုကျင်းထဲကအထွက် လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေကိုတော့ နှစ်ဖက်တပ်တွေကို အကြောင်းကြားပြီး သယ်ယူခဲ့ရတယ်လို့ သူက ပြောပါတယ်။

ပြီးတော့ ဗန်းမော်မြို့နယ်၊ မိုးဖိန်းကျေးရွာမှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးမောက်မြို့တွင်းနဲ့ ခမရ ၄၃၇ အနားက မံပုံကျေးရွာမှာလည်း အိမ်ခြေအများအပြား ပျက်စီးခဲ့ရပြီး မံစီမြို့နဲ့ သိန်လင်ကျေးရွာမှာလည်း အိမ်ခြေတချို့ လက်နက်ကြီးကျရောက်လို့ ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။

လက်ရှိအချိန်ထိ ဗန်းမော်၊ မိုးမောက်နဲ့ မံစီမြို့နယ်တို့မှာ သွားလာခွင့်တွေ ပိတ်ထားပြီး မေ ၉ ရက်နေ့က ဗန်းမော်ကသာလမ်းကြော၊ ဧရာဝတီစင်းခန်းတံတား စစ်ကောင်စီတပ်စခန်းဂိတ် ၂ ခုကို KIA/PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားသလို မံစီ၊ မိုးမောက်နဲ့ ဗန်းမော်မြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။

Photo-ဒေသသ တင်းရင်းမြစ်များ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013