စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်က မြို့သစ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ၅ ရက်ကြာတိုက်ခိုက်ခဲ့ပြီး ရဲစခန်းမှူး အပါအဝင် ရဲ ၂၀ ကျော် အလံဖြူထောင်ပြီးနောက် မေ ၁၁ ရက်နေ့မှာ မြို့ကိုအပြီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တမူးခရိုင်တပ်ရင်း ၂ တာဝန်ရှိသူတယောက်က “တမူးမြို့နယ်၊ မြိုသစ်မြို့မှာ အခြေစိုက်တဲ့ ခလရ ၂၂၈၊ SNA တပ်မဟာ ၈၉၁ (တပ်ရင်း ၃)၊ ကသည်းတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၂၅၀ ဝန်းကျင်ကို ကျနော်တို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ပေါင်းစုတွေက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေကြားကနေ တိုက်ခိုက်ပြီး မြို့သစ်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်” လို့ ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
မြို့သစ်မြို့သိမ်းပိုက်နိုင်ဖို့ မေ ၇ ရက်နေ့ကနေ မေ ၁၁ ရက်နေ့အထိ ၅ ရက်ကြာ တိုက်ခိုက်ခဲ့ရပြီး မေ ၁၁ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်မှာ မြို့ကို အပြီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
မြို့သစ်မြို့သိမ်းတိုက်ပွဲကနေ လက်နက်ငယ် ၂၉ လက်၊ ၆၀ မမ ၁၂ လုံး၊ အီနာဂါ ၅ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ Station Jammer ၃ ခု၊ ကျည်အိမ် ၃၄ ခုနဲ့ ကျည်ဆန်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တမူးခရိုင် တပ်ရင်း ၂ က ရဲဘော်တယောက်က “တခြား အရေးတကြီး ဆောင်ရွက်ရမယ့်ကိစ္စတွေ ရှိနေသေးတဲ့အတွက် သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့စာရင်း မပြုလုပ်ရသေးပါဘူး။ သေတဲ့သူတွေကတော့ တော်တော်များတယ်။ သူတို့ဘက်က ဒဏ်ရာရတဲ့သူတွေကို ကျနော်တို့ ဆေးတပ်သားတွေက ဆေးကုပေးနေပါတယ်” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ မြို့သစ်မြို့ကို သိမ်းပိုက်ပြီးချိန်မှာ မြို့သစ်ရဲစခန်းက စခန်းမှူး ကျော်ကျော်နိုင်၊ ဒုရဲအုပ် မျိုးသန့်နဲ့ ဒုရဲအုပ် ကျော်ကျော်လွင်တို့အပါအဝင် ရဲတပ်ဖွဲ့ဝင် ၂၁ ယောက် အလံဖြူထောင်လက်နက်ချ အညံ့ခံခဲ့တယ်လို့လည်း သိရပါတယ်။
ရဲစခန်းနောက်က ချောင်းထဲဆင်းပြေးတာကို PDF ရဲဘော်တွေ လိုက်ဖမ်းတာမိသွားလို့ အလံဖြူထောင်ပြီး လက်နက်ချအညံ့ခံတာလို့ PDF ရဲဘော်တယောက်က ပြောပါတယ်။
မြို့သစ်မြို့သိမ်းတိုက်ပွဲကို တမူးခရိုင်ကွပ်ကဲရေးမှူးက ဦးစီးပြီး တမူးခရိုင် တပ်ရင်း ၂၊ အထူးလှုပ်ရှား တပ်ရင်း ၉၊ ကူကီးအမျိုးသားတပ်မတော် KNA(B)၊ အမျိုးသား လွတ်မြောက်ရေးတပ်တော် (NLA) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး တမူးမြို့နယ် (ပကဖ) က ထောက်ပို့အနေနဲ့ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
မြို့သစ်မြို့၊ မြို့သိမ်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ရဲဘော် ၂ ဦး ကျဆုံးသွားခဲ့ရပြီး ၁၂ ဦး ဒဏ်ရာတွေရခဲ့တာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ သိမ်းပိုက်လိုက်တဲ့ မြို့သစ်မြို့ဟာ တမူးမြို့နယ်ရဲ့ မြို့နယ်ခွဲဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁,၇၀၀ ၀န်းကျင်ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - NUG - MOD၊ အမှတ် ၁ စစ်ဒေသ၊ PDF ရဲဘော်တဦး