Home
မြန်မာသတင်း
မော်လမြိုင်ကျွန်းမြို့နယ်၌ စစ်မှုထမ်းစာရင်းကောက်ရာတွင် မသမာမှုများ ရှိနေ
DVB
·
May 12, 2024
MawLamyaingKyuneSAC_12052024

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီလက် အောက်ခံရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဖို့မြေပြင် စာရင်း ကောက်ယူရာမှာ အုပ်ချုပ်ရေးမှူးတွေရဲ့ မိသားစုတွေ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်အဆင်ပြေသူတွေကို ချန်ထားပြီး ဥပဒေနဲ့ အညီမလုပ်ဘဲ မမှန်မကန် လုပ်ဆောင်နေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက မေ ၅ ရက်ကစပြီး ဒုတိယအသုတ် စစ်မှုထမ်းဖို့ ကျေးရွာအုပ်စု တခုကို ၅ ယောက်နှုန်း စာရင်းကောက်ယူနေတာ ဖြစ်ပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ် ကျေးရွာတရွာက ဒေသခံ တဦးက “အုပ်ချုပ်ရေးမှူးတွေက ဥပဒေနဲ့အညီ ဆိုတာကို ပါးစပ်ကပဲ ပြောတာပါ။ တကယ့် မြေပြင်မှာတော့ စစ်မှုထမ်းစာရင်း ကောက်တော့ အုပ်ချုပ်ရေးမှူးတွေက သူနဲ့ အဆင်မပြေသူတွေ၊ သူ မုန်းတဲ့သူတွေ၊ သူ့တို့ခိုင်းတာ မလုပ်တဲ့သူတွေ၊ သူ့ကို မထောက်ခံသူတွေကို အမျိုးမျိုး ခေါင်းစဉ်တပ်ပြီး NLD ထောက်ခံသူတွေ ဘာကောင် ညာကောင်တွေဆိုပြီ ထည့်တာ။ သမာသမတ်လုံးဝမကျဘူး”လို့ ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်နေ အမျိုးသမီးတဦးက “ရပ်ကွက်မှာတော့ နေ့တိုင်း စစ်မှုထမ်းကိစ္စနဲ့ ဆူပူနေတာပဲ။ စစ်မှုထမ်းကိစ္စက ကျမတို့ ဧရာဝတီတိုင်းက အေးအေးချမ်းချမ်းနေတဲ့ ဒေသကို ဒုက္ခပေးတာပဲ။ အုပ်ချုပ်ရေးမှူးတွေက အသက်ကျော်သူတွေ၊ အသက် အသက်မပြည့် သေးသူတွေကျ စာရင်းကောက်တာ။ အုပ်ချုပ်ရေးမှူး မိသားစုတွေ မပါတဲ့အကြောင်း ပြောတော့ အုပ်ချုပ်ရေးမှူးက ဥပဒေနဲ့အညီ လုပ်တာတဲ့။ တခုမှမဟုတ်ဘူး။ သူ လုပ်တာ မျှတမှုမရှိဘူးလို့ ထင်လည်း မစိုက်ဘူးလို့ ပြောခံရတာ”လို့ ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အညီ အထက်ကခိုင်းတဲ့အတိုင်း လုပ်နေတာ ဖြစ်လို့ အလုပ်တာဝန်ကို နှောင့်ယှက်တဲ့ဘယ်သူမဆို စစ်တပ်ကို ဖမ်းဆီးခိုင်းမယ်လို့ ခြိမ်းခြောက် ပြောဆိုနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လကလည်း စစ်မှုထမ်းတဲ့သူတွေကို ထောက်ပံ့ပေးဖို့ ဆိုပြီး စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေထံကနေ  တအိမ် ကျပ် ၁၅၀၀၀ နှုန်းနဲ့ ငွေကောက်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo - တော်ဝင် + မျိုးသူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013