Home
အားကစား
လီဗာပူးအပြောင်းအလဲ၌ ဗန်ဒိုက်ပါဝင်မည်၊ လာမည့်ရာသီမှာ ပိုခက်ခဲမည်ဟု နည်းပြကလော့ပ် သုံးသပ်
DVB
·
May 11, 2024

လီဗာပူးအသင်းရဲ့ အပြောင်းအလဲလုပ်ဆောင်မှုမှာ အစိတ်အပိုင်းတခုအဖြစ် ဆက်လက်ပါဝင် သွားမယ်လို့ နောက်ခံလူ ဗန်ဒိုက်က ပြောပါတယ်။ 

လီဗာပူးအသင်းဟာ အခုနှစ်ရာသီအကုန်မှာ ၉ နှစ်ကြာလက်တွဲလာတဲ့ နည်းပြ ယာဂန်ကလော့ပ်နဲ့ လမ်းခွဲမှာဖြစ်ပြီး လာမယ့်ရာသီမှာ ကြီးမားတဲ့ အပြောင်းအလဲ တခု စတင်မှာပါ။ 

ဟော်လန်ကလပ် ဖီယင်နုနည်းပြ အမ်းစလော့ကို ခေါ်ယူဖို့ သဘောတူခဲ့ပြီး ကလော့ပ်ရဲ့အလွန်မှာ အောင်မြင်မှုတွေ ဆက်လက်ရယူနိုင်ဖို့ ကြိုးပမ်းသွားရမှာပါ။

နောက်ခံလူ ဗန်ဒိုက်ကတော့ အသင်းရဲ့ အနာဂတ်အသစ်မှာ ဆက်လက်ပါဝင်သွားမှာဖြစ်ပြီး အစိတ်အပိုင်း တခုအနေနဲ့ ဆက်ရှိမှာဖြစ်တယ်လို့ ပြောပါတယ်။ 

ဗန်ဒိုက်ဟာ ၂၀၁၈ ခုနှစ်ကတည်းက လီဗာပူးအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး နည်းပြ ကလော့ပ်ရဲ့ လက်ထက် ဆုဖလားအောင်မြင်မူတွေ ရယူခဲ့ရာမှာ အဓိကနေရာကနေ စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

နောက်ထပ် လက်ကျန်နှစ်ပွဲ တာဝန်ယူ ပြီးတဲ့နောက်မှာ အသင်းကနေ ထွက်ခွါသွားတော့မယ့် နည်းပြယာဂန်က လော့ပ်ကတော့ လီဗာပူးအသင်းမှာသူဆက်နေမယ်ဆိုရင် လာမယ့်ရာသီမှာ ပိုမိုခက်ခဲသွားလိမ့်မယ်လို့ ပြောပါတယ်။

သူအသင်းမှာဆက်ရှိမယ်ဆိုရင် ပိုမိုခက်ခဲသွားနိုင်ပြီး ဘောလုံးအသင်းတသင်းကို အောင်မြင်အောင် လုပ်ဆောင်ဖို့အတွက် အင်ပြည့်အားပြည့် အာရုံစိုက်လုပ်ဆောင် ဖို့လိုအပ်တယ်လို့ နည်းပြကလော့ပ်က ပြောပါတယ်။

ဘောလုံးအသင်းတသင်းကို တာဝန်ယူရတာက ၂၄ နာရီ တပတ်တာလုံးအချိန်ပေး အာရုံ စိုက်ဖို့လိုအပ်ပြီး အဲဒီလိုဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် ပင်ပန်းနွမ်းနယ်နေပြီဖြစ်တယ်လို့ နည်းပြကလော့ပ်က ပြောပါတယ်။

နှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့ပြီးဖြစ်ပေမဲ့ လီဗာပူးအသင်းလို စံချိန်မီအသင်းတသင်းရဲ့ လိုအပ်ချက်တွေကို ဆက်လက်လုပ်ဆောင်ဖို့ မလွယ်ကူတော့ကြောင်း နည်းပြကလော့ပ်က ပြောသွားပါတယ်။  

Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013