Home
မြန်မာသတင်း
မတ္တရာမြို့ တံငါတောင်တံတား လုံခြုံရေးကင်း တိုက်ခိုက်ခံရ၊ ဗိုလ်ကြီးအပါအဝင် ၁၀ ဦးသေဆုံး
DVB
·
May 10, 2024
Mat-312024

မတ္တရာမြို့နယ် မန္တလေး -မိုးကုတ်ကားလမ်းမပေါ် တံငါတောင်တံတားအနီး လုံခြုံရေးကင်းကို မေ ၁၀ ရက် ဒီနေ့မနက် ၅ နာရီမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အများအပြားသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မတ္တရာမြို့ တံငါကျေးရွာ ဘုန်းကြီးကျောင်းနဲ့တံငါတံတားအနီးမှာ လူခွဲတပ်စွဲထားပြီး မနက် ၅ နာရီမှ ၇ နာရီအတွင်း PDF တွေနဲ့ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့တာလို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။

"ဒီနေ့မနက်အစောကြီးဖြစ်တာ ဘုန်းကြီးကျောင်းက အထိုင်စခန်းရော တံတားနားက လုံခြုံရေးကင်းရော PDF တွေက ဝင်ပစ်ပြီး သေနတ်တွေလည်း သိမ်းသွားတယ်။ ပစ်ခတ်မှုက ၁ နာရီ ၂ နာရီနီးပါးကြာတယ်။” 

မတ္တရာမြို့၊ တံငါကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်တပ်ဘက်မှ  ဗိုလ်ကြီး ချစ်ခိုင် အပါအဝင် ၁၂ ဦးသေဆုံးပြီး လက်နက်နဲ့ကျည်ဆန် အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအပါအဝင် ၃ ဦးနဲ့ ပြည်သူ့စစ် ၇ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ဘက်နဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“လပခက ဗိုလ်ကြီးချစ်ခိုင်ရယ်၊ မတ္တရာဘက်မှာ စစ်သားစုဆောင်းဖို့ လွှတ်ထားတဲ့ တပ်ကြပ်တဦးရယ်၊ တပ်သားတဦးရယ် သေတယ်။ စစ်ကူလာတဲ့ ပြည်သူ့စစ်အဖွဲ့တွေလည်း ပစ်ခံရလို့ ၇ ဦးသေသွားတယ်၊ ၃ ယောက်က ဒဏ်ရာရတယ်၊ လက်နက်တွေလည်း ပါသွားတယ်။” 

လတ်တလောမှာ မတ္တမြို့နယ် တံငါကျေးရွာမှာ စစ်တပ်နဲ့ ပြည်သူစစ်တွေ ရောက်နေပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်အလောင်းတွေကို သယ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013