တနင်္သာရီမြို့နယ်မှာ စစ်တပ်နဲ့ မြိတ်ခရိုင်ပြည်သူ့ ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း နှစ်ဖက် ဒဏ်ရာရ၊ သေဆုံးသူတွေ အများအပြားရှိတယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ ရဲ့တာဝန်ရှိသူဆီက သိရပါတယ်။
ဧပြီ ၂၃ ရက်မှစတင်ပြီး တနင်္သာရိမြို့နယ်၊ သိန္ဓောရွာက စစ်ကောင်စီတပ်စခန်းကို မြိတ်ခရိုင်ပြည်သူ့ကာကွဘ်ရေးပူးပေါင်းစစ်ကြောင်း ၁ ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မေ ၈ ရက်အထိ တိုက်ပွဲ ၂၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ရေးအခြအနေ တင်းမာနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
မြိတ်ခရိုင်စစ်ကြောင်းရဲ့တာဝန်ရှိသူတဦးက “သိန္ဒောစခန်းကို အရင်ဝင်ပစ်တယ်။ စကစက စစ် ကူလာတုန်း မြေမအုံရွာနားမှာ ဖြစ်တယ်။ အဲ့ဒီစစ်ကူလာတဲ့အဖွဲ့နဲ့ပဲ တကျက်ကျွဲထိန်းကုန်းဘက်မှာ ဖြစ်တယ်။ ဘန်းပြည့်ရွာနားမှာလည်း ဖြစ်တယ်။ တိုက်ပွဲအကြိမ် ၂ဝ ကျော်တယ်"လို့ပြောပါတယ်။
တိုက်ပွဲတွေအတွင်း စစ်တပ်က သေဆုံးသူဦးရေ ၂၀ ကျော်နဲ့ ဒဏ်ရာရသူတွေများပြားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၄ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ ရဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။
“ဒရုန်းနဲ့ကင်းထောက်တုန်းက စကစအလောင်းတွေ တွေ့တာပါ။ မှတ်တမ်းပုံတော့ မရပါဘူး။ တိုက်ရိုက်တွေ့မြင်ရတာပါ။ စခန်းရဲ့နေရာ တော်တော်များများလည်း မီးလောင်သွားပါတယ်။ ကျနော်တို့ ပစ်တဲ့လက်နက်ကြီး နဲ့ ဗုံးသီးတွေကြောင့် ဖြစ်မယ်။”
တိုက်ပွဲစတင်ဖြစ်ပွားတဲ့နေ့တည်းက စစ်ကောင်စီတပ်စခန်းတည်ရှိတဲ့ သိန္ဓောရွာအပါအဝင် နီးစပ်ရာ ကျေးရွာတွေက ဒေသခံ အများအပြား ဘေးကင်းရာကို ထွက်ပြေး တိမ်းရှောင်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“စစ်ရှောင်ရွာတွေက သိန္ဓောရွာ၊ ဘန်းပြည့်ရွာ၊ သူဌေးရွာတွေပါ။ သဘွတ်လိပ်တို့၊ တကျက်၊ ချောင်းလမုတို့ဘက်ကို ပြေးတာများတယ်။ တိုက်ပွဲက ငြိမ်နေတာလောက်ပဲ။ PDF က ပြန်မဆုတ်သေးဘူး” လို့ ပြောပါတယ်။
အခုအချိန်ထိ စစ်ရှောင်လာကြတဲ့ ဒေသခံတွေမှာ စစ်ရေးမတည်ငြိမ်သေးတာကြောင့် နေရာပြန်လို့မရဘဲ အလုပ်အကိုင်ရပ်နားထားရတဲ့အပြင် နေထိုင်ရာဒေသတွေမှာ နေ့စဉ်စားသောက်ဖို့ ရိက္ခာ အထောက်အပံ့နဲ့ ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့လည်း သိရပါတယ်။