Home
မြန်မာသတင်း
လေကြောင်းရန်ကြောင့် ဆွမ်ပရာဘွမ်ဒေသခံများ နေရပ်မပြန်ရဲသေး
DVB
·
May 10, 2024
maxresdefault

ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်က စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ပေမဲ့ ဆွမ်ပရာဘွမ် ဒေသခံတွေကတော့ နေရပ်ကို မပြန်လာနိုင်ကြသေးပါဘူး။

KIA ဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေသေးသလို လေယာဉ်နဲ့ ဗုံးလာကြဲမှာကို စိုးရိမ်နေကြသေးတဲ့အတွက် ဆွမ်ပရာဘွမ်ဒေသခံတွေ စစ်ရှောင်တွေ နေရပ်မပြန်ရဲသေးဘူးလို့ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

“အခု ကျနော်တို့အကုန်လုံး တိမ်းရှောင်တဲ့နေရာမှာပဲ နေနေကြတယ်။ တိုက်ပွဲတွေတော့ မရှိတော့ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့က နေရပ်ပြန်ဖို့အတွက်က အခုချိန်မှာက ကျနော်တို့ ဒေသခံတွေရဲ့ အိမ်တွေလည်း ထိခိုက်တာတွေ အများကြီးရှိတယ်။ ပြီးတော့ ပြန်ရင်လည်း ကျနော်တို့အတွက်က စည်ပင်က လုပ်ပေးထားတဲ့ ရေပိုက်လိုင်းတွေ ဒုက္ခရောက်တာတွေ ရှိတယ်။ သူတို့ လေယာဉ်က ချထားတဲ့မိုင်းတွေလည်း ကွဲတဲ့ဟာတွေရှိတယ်၊ မကွဲတဲ့ဟာတွေလည်း ရှိနိုင်မလားပေါ့။ ပြီးတော့ ဒေသခံတွေ ဆွမ်ပရာဘွမ်ကို ပြန်ရင် နောက်ထပ် လေယာဉ်နဲ့ ဗုံးကြဲတာတွေ ရှိနိုင်မလားပေါ့။ စိုးရိမ်တာတွေတော့ အများကြီးရှိသေးတယ်။ ပြန်ဖို့က လောလောဆယ် မဆုံးဖြတ်ရဲသေးဘူး။”

စစ်ကောင်စီဘက်က စခန်းလက်မလွှတ်ရရေးအတွက် တိုက်ပွဲပြင်းထန်နေတဲ့ မေ ၄ ရက်က ညသန်းခေါင်အထိ ဂျက်ဖိုက်တာ၊ Y12 စတဲ့ တိုက်လေယာဉ်တွေနဲ့ ဗုံးအလုံး ၈၀ ထက်မနည်း ကြဲခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မတ် ၉ ရက်က စတင်ခဲ့တဲ့ ဆွမ်ပရာဘွမ် မြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ ကျော်ဟာ မြစ်ကြီးနား - ပူတာအိုလမ်းမကြီးဘေးနေရာတွေနဲ့ တော၊ တောင်တွေထဲမှာ တိမ်းရှောင်နေရတာ အခုဆိုရင် ၂ လကျော် ကြာမြင့်လာပြီ ဖြစ်ပါတယ်။

မိုးတွင်းကာရောက်ရှိလာပြီ ဖြစ်တာကြောင့် တောတောင်တွေထဲ တိမ်းရှောင်နေရတဲ့ ပြည်သူတွေအတွက် နေရာထိုင်ခင်း အမိုးအကာ အခက်အခဲတွေ ရှိလာတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။

“အခုမိုးတွင်းတတွင်းတော့ ဘယ်လိုကျော်ဖြတ်ရမလဲတော့ အများကြီးစိုးရိမ်နေကြတယ် ဒေသခံတွေ။ တကယ်လို့ နေရပ်မပြန်ရသေးဘူးဆိုရင် တောထဲမှာ မိုးတွင်းတတွင်းလုံး အဲမှာနေဆိုရင်တော့ နေထိုင်စရာက မိုးကာ အရမ်းပါးတော့ အခု  အရမ်းကိုအဆင်မပြေဖြစ်တယ်။ နေထိုင်စရာ မိုးကာတွေတော့ လိုမယ်။ ဆေးဝါးတွေလည်း လိုမယ်ထင်တယ်။ အရမ်းကြီး အဲ့တာ စိုးရိမ်နေတယ်။ ဘယ်တော့ပြန်ရမလဲဆိုတာကလည်း ဘယ်သူက ဆုံးဖြတ်ပေးမလဲ မသိဘူး။ ကျနော်တို့လည်း ပြန်ချင်တာတော့ အများကြီးပြန်ချင်တယ်။ ဒါပေမယ့် အခြေအနေက ပြန်လို့ မရသေးဘူးလို့ ခန့်မှန်းယူဆရတယ်။ ပြန်ရင်တော့ ဆွမ်ပရာဘွမ်ပဲ ပြန်ချင်တယ်။ ဘယ်တော့ ပြန်ရမလဲဆိုတာ စောင့်နေကြတာပါ။”

ပြီးခဲ့တဲ့ မတ် ၉ ရက်ကစပြီး ဆွမ်ပရာဘွမ် ခလရ ၄၆ တပ်ရင်း ဗျူဟာမြောက် စစ်တပ်စခန်း ကုန်းကြီးကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂ လနီးပါးအကြာ မေ ၅ ရက် မနက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

ဆွမ်ပရာဘွမ် စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နိုင်ခဲ့ပေမဲ့ တိုက်ပွဲစတင်ဖြစ်ပွားကတည်းက ပိတ်ထားတဲ့ မြစ်ကြီးနား - ပူတာအို ကားလမ်မကြီးကိုတော့ ပြန်မဖွင့်နိုင်သေးဘူးလို့ သိရပါတယ်။

တော၊ တောင်ထဲမှာ စစ်ရှောင်နေတဲ့ ဒေသခံတွေကတော့ လတ်တလော စားဝတ်နေရေးအတွက် ကိုယ်ထူကိုယ်ထ ဖြေရှင်းနေရတယ်လို့ ဒေသခံစစ်ရှောင်တဦးက ပြောပါတယ်။

“ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ မရှိသလောက်ပဲ။ ရှိတာလေးနဲ့ ကိုယ့်ဘာသာ အသင်းတော်ထဲမှာ ရှိတာလေးတွေပဲ မျှစားပြီး နေနေကြတာ။ တချို့ကတော့ နီးစပ်သူတွေဆီက ဆန်တအိတ်၊ နှစ်အိတ် အဲလိုမျိုးပေါ့ နည်းနည်းပါးပါးကူညီတာလောက်ပဲ။ တခြားအဖွဲ့အစည်းတွေကနေ ကူညီတာတော့ မရသလောက်ပါပဲ။ လမ်းခရီးကလည်း စစ်တပ်က လမ်းတွေ ပိတ်ထားတော့ ဆွမ်ပရာဘွမ်ဘက်က ဘယ်လိုမှ သွားလို့လာလို့ မရဘူး ဖြစ်နေတယ်။”

လက်ရှိမှာတော့ ဆွမ်ပရာဘွမ်မြို့နဲ့ စစ်တပ်စခန်းအနီး ပတ်ဝန်းကျင်မှာ တိုက်ပွဲကျန် စစ်လက်နက်ပစ္စည်းတွေကို KIA ဘက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

KIA နဲ့ KPDF ပူးပေါင်းတပ်တွေဟာ မတ် ၅ ရက်က ဆွမ်ပရာဘွမ်မြို့နဲ့ စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းပိုက်ခဲ့ပြီးနောက် ဆွမ်ပရာဘွမ်မြို့ထဲမှာ နောက်ထပ်ကျန်ရှိနေသေးတဲ့ တပ်စခန်းတချို့ကိုလည်း KIA က တခုပြီးတခု ရှင်းလင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ 

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013