Home
မြန်မာသတင်း
ရေးမြို့တွင် မီးရှို့ခံရသည့် ကား ၃ စီးအတွက် စစ်တပ်က လျော်ကြေး သိန်း ၂၀၀ ကျော်တောင်း
DVB
·
May 10, 2024
army vehicles destroyed_10052024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကော့ဒွတ်ကျေးရွာအုပ်စု ကူးတို့ဆိပ်ရွာမှာ မေ ၃ ရက်က မီးရှို့ခံလိုက်ရတဲ့ စစ်ကောင်စီကား ၃ စီးအတွက် ရွာမှာ လျော်ကြေးငွေ သိန်း ၂၀၀ ကျော် တောင်းခံနေတယ်လို့ ရွာသားတွေက ပြောပါတယ်။

ကုလားဂုတ်ကျွန်း ရေတပ်အမြောက်စခန်းကို တပင်ရွှေထီးစစ်ကြောင်း ဝင်ရောက်တိုက်ခိုက်ချိန်မှာ မော့ကနင်ဘက်မှ စစ်ကူလာတဲ့ စစ်ကား ၃ စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကူးတို့ဆိပ်ကျေးရွာမှာရပ်ပြီး ကုလားဂုတ်ကျွန်းရှိ ရေတပ်စခန်းကို စက်လှေနဲ့သွားတဲ့အချိန် မီးရှို့ခံလိုက်ရပါတယ်။

မီးရှို့ခံလိုက်ရတဲ့ကားတွေဟာ ပရိုဘောက်ကား ၂ စီးနဲ့ ဟွန်ဒါဖစ်ကားတစီးဖြစ်ပြီး ကူးတို့ဆိပ်ရွာမှာ ရပ်ထားတဲ့အချိန် မီးရှို့ခံလိုက်ရတဲ့အတွက် အုပ်ချုပ်ရေးမှူးကတဆင့် ရွာသားတွေစီက သိန်း ၂၀၀ ကျော် တောင်းခံနေတယ်လို့ ရွာသားတဦးက ပြောပါတယ်။

“မီးရှို့ခံလိုက်ရလို့ အုပ်ချုပ်ရေးမှူးကတဆင့် ရွာမှာ ပိုက်ဆံတောင်းနေတာပါ။ အမှန်ဆို ဘာမှမဆိုင်ပါဘူး၊ မီးရှို့တဲ့သူတွေထဲမှာ သွားတောင်းပေါ့။ သူတို့ကားတွေကလည်း အကုန် without တွေချည်းပဲ၊ ဘာကားတွေမှန်းမသိဘူး။ အဲဒါကို လျော်ကြေးလာတောင်းနေတယ်။”

စစ်ကောင်စီက လျော်ကြေးမပေးနိုင်ရင် ကူးတို့ဆိပ်ရွာကို မီးရှို့မယ်ဆိုပြီး သတင်းတွေ ထွက်နေတဲ့အတွက် ရွာသားတွေက ကြောက်လန့်ပြီး ပိုက်ဆံပေးဖို့ စုနေတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီကား ၃ စီး မီးရှို့ခံရတာကြောင့် လျော်ကြေးတောင်းခံတာနဲ့ ပတ်သက်ပြီး တပင်ရွှေထီးစစ်ကြောင်းကို မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။

ကုလားဂုတ်ကျွန်း ရေကြောင်းအမြောက်တပ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး ၂ ဦး အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တပင်ရွေထီးစစ်ကြောင်းက ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းနဲ့ ရေတပ်သင်္ဘောတို့က ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံတွေရဲ့ နေအိမ်အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013