ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ကလေးတွေ ဆော့ကစားရာက ပေါက်ကွဲမှုဖြစ်လို့ ကလေးငယ် ၄ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၈ ရက် မနက် ၉ နာရီလောက်မှာ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာအနီး တောစပ်မှာ ကလေးတွေ လက်နက်ကြီးကျည်ကို ဆော့ကစားရင်း ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။
လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် မောင်အောင်မင်းထွန်း၊ မောင်အောင်လင်းစိုး၊ အသက် ၈ နှစ်အရွယ် မောင်လင်းမြတ်နဲ့ မောင်အောင်လင်းထွန်းတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ကလေးတွေက ရွာနားက တောစပ်မှာ ကစားနေကြတာ၊ လက်နက်ကြီးကျည်ကိုလည်း ကလေးတွေက မတွေ့ဖူးတော့ ကောက်ပြီးဆော့တာပေါ့။ အဲဒီကနေမှ ပေါက်ကွဲမှုဖြစ်တာ၊ ကလေးက ၅ ယောက်ပေါ့နော်၊ ၄ ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်၊ တယောက်ကတော့ ဒဏ်ရာပြင်းတယ်။ ခဝဲတိုက်နယ်ဆေးရုံမှာပဲ ဆေးကုနေတယ်။”
ခဝဲကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီး အရင်က စစ်ကောင်စီတပ်ရဲ့ ခဝဲဗျူဟာကုန်း တည်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။