စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီတရားရုံးက ဒီနေ့ မေ ၁၀ ရက်မှာ လူသတ်မှုနဲ့ ထောင်ဒဏ်အနှစ် ၂၀ အမိန့်ချတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံကနေ သိရပါတယ်။
ကိုဝေမိုးနိုင်ဟာ အကြမ်းမဖက်ဘဲ စစ်အာဏာသိမ်း ဆန့်ကျင်လှုပ်ရှားမှုတွေကို တက်တက်ကြွကြွ လုပ်ခဲ့သူဖြစ်ပြီး စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက်က မုံရွာမြို့ သာစည်လမ်းမကြီးပေါ်မှာ ကိုဝေမိုးနိုင် စီးလာတဲ့ ဆိုင်ကယ်ကို ကားနဲ့ဝင်တိုက်ပြီး ဖမ်းဆီးခဲ့တာပါ။
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က “ဒီနေ့ ကိုဝေမိုးနိုင်ကို စစ်တပ်က ထောင်ဒဏ်အနှစ် ၂၀ အမိန့်ချခဲ့တယ်ဗျ။ ဒီအမှုက စက်မှုဇုန် ရပ်ကွက်အတွင်း ရဲ ၂ ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ကိုဝေမိုးနိုင်ကို လူသတ်မှုနဲ့ တရားစွဲခံရပြီး ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရတာဗျ။ ဒီအမှုနဲ့ပတ်သက်ပြီး ကိုဝေမိုးနိုင်ဘက်က ပါဝင်ပတ်သက်မှုမရှိကြောင်း သက်သေ၊ သက်ကာယနဲ့ တရားရုံးကို တင်ပြပေမဲ့ အခုလို မတရား ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရတာ” လို့ ပြောပါတယ်။
ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ ၆ မှု၊ တမှုကို ၂ နှစ်နှုန်းနဲ့ ၁၂ နှစ်၊ သဘာဝဘေးပုဒ်မနဲ့ ၂ နှစ်၊ ဘုန်းစိုးရပ်ကွက်အတွင်း ဒလန်ကို တက်တူးထိုးတယ်လို့ စွပ်စွဲပြီး ထောင် ၂၀ နှစ်၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ထားတယ်လို့လည်း သိရပါတယ်။
“ဒီလူသတ်မှုမှာ ကိုဝေမိုးနိုင် အပါအဝင် တခြား ၆ ယောက်ကို အနှစ် ၂၀ ချမှတ်ခံရတယ်။ နောက်ထပ် အယောက် ၃၀ ကို ပါဝင်ပတ်သက်သူလို့ မတရားစွပ်စွဲပြီး တယောက်ကို ထောင်ဒဏ် ၂ နှစ်နှုန်းစီ အသီးသီး အမိန့်ချခံရတယ်” လို့ ကိုရှင်းသန့်က ပြောပါတယ်။
အခုလို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို စစ်ကောင်စီတပ်က မတရာဖမ်းဆီးပြီး စစ်ကြောရေးစခန်းမှာ ညှဉ်းပန်းနှိပ်စက်ကာ သက်သေပစ္စည်းတွေနဲ့အတူ အတင်းအဓမ္မ ဓာတ်ပုံရိုက်ယူတာတွေပါ လုပ်ဆောင်တယ်လို့ ဖမ်းဆီးခံမိသားစုများက ပြောပါတယ်။