Home
မြန်မာသတင်း
ဒလသင်္ဘောကျင်းတွင် စစ်ကောင်စီက ရိက္ခာပို့သင်္ဘောများပြင်ဆင်၊ ဝန်ထမ်းများ လိုက်ရမှာစိုးပြီး ကြောက်လန့်နေ
DVB
·
May 10, 2024
DALA_10052024

ရန်ကုန်တဖက်ကမ်းက  ဒလသင်္ဘောကျင်းမှာ  စစ်ကောင်စီက ရခိုင်နဲ့ကချင်ကို ရိက္ခာပို့ဖို့အတွက် သင်္ဘောတွေ ပြင်ဆင်နေတာကြောင့် ဝန်ထမ်းတွေက လိုက်ရမှာစိုးပြီး ကြောက်လန့်နေတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီ ရိက္ခာပို့သင်္ဘော ၅ စီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒလမြို့နယ် သင်္ဘောကျင်းကို ရောက်လာပြီး ကြံ့ခိုင်မှုအတွက် ပြင်ဆင်နေတာလို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။

“၄ ရက်နေ့ကတည်းက ရောက်နေတာ စစ်သင်္ဘောမဟုတ်ဘူး၊ ရိက္ခာတင်တဲ့ သင်္ဘောတွေ ကမ်းထိုးယာဥ်ပုံစံမျိုး၊ အဲ့ဒါတွေကို သံအထူစားတွေ ကပ်နေတာ။”

စစ်ကောင်စီက လမ်းခရီးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ချုံခိုတိုက်ခိုက်မယ့်ဒဏ်ကို ခံနိုင်စေဖို့ ပြင်ဆင်နေပြီး သင်္ဘောကျင်းဝန်ထမ်းတွေကလည်း စစ်တပ်နဲ့အတူ လိုက်ရမှာစိုးပြီး ကြောက်လန့်နေတယ်လို့ ဆိပ်ကမ်းနဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“သင်္ဘောကျင်းက လူတွေကလည်းလန့်နေတယ်။ အရင်တခေါက်က ရခိုင်ကို ရိက္ခာသွားပို့တော့ ပါသွားတဲ့ သင်္ဘောကျင်းက ဝန်ထမ်းတွေတောင် ပြန်မရောက်သေးဘူး။ သေလား၊ ရှင်လားလည်း မသိဘူး။ အခု သင်္ဘောပြီးရင် ဝန်ထမ်းတွေက သူတို့ကိုခေါ်မှာ ကြောက်နေတယ်။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ရခိုင်ပြည်နယ် ကျောက်တော်ကို ရိက္ခာပေးရာမှာ အသုံးပြုတဲ့ သင်္ဘောတွေကိုလည်း ဒလသင်္ဘောကျင်းမှာ  ပြင်ဆင်ပြီး ရိက္ခာပို့ရာ ဒလသင်္ဘောကျင်းမှ ပဲ့နင်း၊ ပဲ့ကိုင်၊ စက်ပြင်၊ စက်မောင်း စတဲ့ ဝန်ထမ်း ၁၀ ယောက်မနည်း စစ်ကောင်စီကခေါ်သွားပြီး ဒီကနေ့ထိ ပြန်မရောက်တာကြောင့် မိသာစုဝင်တွေက စိတ်ပူနေတယ်လို့ သင်္ဘောကျင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်ကို ရိက္ခာတင်သင်္ဘောနဲ့ ရိက္ခာပို့ရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်က ရက္ခိုင့်တပ်တော် (AA) ပစ်ခတ်ခဲ့လို့ နစ်မြုစ်ခဲ့တဲ့ ဖြစ်စဥ်အပြီးမှာ ဒလသင်္ဘောကျင်းအနီးနေသူအချို့ ဖမ်းဆီးခံရတာရှိတဲ့အတွက် စစ်ကောင်စီက သင်္ဘောလာပြင်တာကို  စိုးရိမ်နေတဲ့ လူငယ်တွေလည်း ရှိပါတယ်။

"ကျောက်တော်မှာ နစ်သွားတဲ့ သင်္ဘောက ဒလသင်္ဘောကျင်းမှာ လာပြင်သွားတာ။ အဲ့တုန်းက သတင်းပေါက်လို့ဆိုပြီး သင်္ဘောကျင်းက လူတွေအဖမ်းခံရတယ်၊ အနီးက လူတွေလည်း အဖမ်းခံရတယ်။ အခု ဒလမှာ ညမထွက်ရအမိန့်လည်း ရှိနေတော့ ပေါ်တာဆွဲပြီး သင်္ဘောပေါ်မှာ အလုပ်လုပ်ခိုင်းဖို့ ခေါ်သွားမှာ စိုးရိမ်နေတယ်” လို့ အောင်မင်္ဂလာရပ်ကွက်နေသူတဦးက ရှင်းပြပါတယ်။

ဒလမြို့နယ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က ညထွက်ရအမိန့်ကို ည ၁၀ နာရီမှ မနက် ၅ နာရီအထိ တိုးမြှင့်ထုတ်ပြန်ထားတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013