Home
မြန်မာသတင်း
ထောင်ကျနေသည့် လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါ ၅ ဦးကို IEC က လွတ်ငြိမ်းခွင့်ပေး
DVB
·
May 9, 2024
IEC_09052024

ပြီးခဲ့တဲ့ မတ်လက ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်ထားတဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခ အပါအဝင် ၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ် အပါအဝင် ၅ ဦးဟာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ တာဝန်ရှိတယ်ဆိုပြီး ကရင်နီပြည်ရဲဌာနက အမှုဖွင့်ကာ ကရင်နီတရားရုံးချုပ်က ပြီးခဲ့တဲ့ မတ်လမှာ ထောင်ဒဏ် ၂ နှစ်စီနဲ့ ဒဏ်ငွေ ၉ သိန်းစီ ချထားခဲ့တာပါ။

သူတို့ ၅ ဦးကို မေ ၈ ရက်က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အပြင် သူတို့ရဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တာလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က DVB ကို ပြောပါတယ်။

"အဓိက က စိစစ်ရေးအဖွဲ့ရဲ့ အစီရင်ခံစာပေါ့။ ဒီ ၅ ဦးက စည်းကမ်းဖောက်ဖျက်တာတွေလည်း မရှိသလို တဖက်မှာလည်း အသက်အရွယ်အရ တချို့တွေရဲ့ ကျန်းမာရေးက ဆိုးဆိုးရွားရွား ချွတ်ယွင်းနေတဲ့ အနေအထားတွေကြောင့်ပေါ့နော် ဒီလိုအခြေအနေတွေလည်းပါတယ်။ နောက်တခုက လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ ပြန်လွှတ်ပေးလိုက်တာပါ" လို့ ခူးပလုရယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလထဲမှာ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ လွိုင်ကော်တက္ကသိုလ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချခဲ့ပါတယ်။

တက္ကသိုလ်ဝင်းထဲမှာ ပိတ်မိနေတဲ့ တက္ကသိုလ်ဝန်ထမ်းနဲ့ သူတို့ မိသားစုဝင် ၂၀၄ ဦးကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ခေါ်ထုတ်ခဲ့ရပြီး ၁၉၃ ဦးကိုတော့ IEC က နယ်နှင်ဒဏ်ပေးခဲ့ကာ လွိုင်ကော် တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ဝန်ထမ်း ၅ ဦးကိုတော့ ထိန်းသိမ်းထားပြီး တရားစွဲခဲ့တာပါ။

မြတ်ကြီး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024