Home
မြန်မာသတင်း
လွိုင်ကော်ကိုသိမ်းနိုင်ရန် ဝန်းရံတိုက်ခိုက်နေဆဲဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီ ပြော 
DVB
·
May 9, 2024
KNDF-6-352024

ကရင်နီတော်လှန်ရေးတပ်တွေဟာ ပြည်နယ်မြို့တော် လွိုင်ကော်မှာ စစ်ကောင်စီတပ်တွေကို ဝန်းရံတိုက်ခိုက်နေပြီး နောက်ဆုတ်သွားတာမရှိဘဲ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားနေဆဲပဲလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစီးချုပ် မာဝီက DVB ကို ပြောပါတယ်။

လွိုင်ကော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁၁၁ စစ်ဆင်ရေးနဲ့အတူ ကရင်နီတော်လှန်ရေးတပ်တွေက စတင်ဆင်နွှဲခဲ့ပြီး လက်ရှိအချိန်ထိတော့ မြို့တွင်းတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ လွိုင်ကော်မြို့ထဲမှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေနဲ့ အင်အားဖြည့်တင်းထားပြီး စစ်ကြောင်းထိုးတာတွေ ရှိနေပါတယ်။

ကရင်နီတော်လှန်ရေးတပ်တွေအနေနဲ့ နောက်ဆုတ်ပေးရတဲ့ အခြေအနေမရှိဘူးလို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောတယ်။

“လွိုင်ကော်မြို့အခြေအနေခြေအနေက ရှိမြဲ နေမြဲ နေဆဲအတိုင်းပါပဲ။ ဘာမှ နောက်ဆုတ်သွားတာမရှိပါဘူး။ ပုံမှန် ရန်သူနဲ့ထိပ်တိုက်ရင်ဆိုင်နေဆဲဖြစ်တယ်။ တိုက်ပွဲငယ်တွေ ကြိုးကြားကြိုးကြား တိုက်နေဆဲဖြစ်ပါတယ်။ အဲ့လိုအခြေအနေမှာပဲ ရှိပါတယ်။ တခုခုပြောင်းလဲသွားတဲ့ ပုံစံမျိုး မရှိပါဘူး။ ကျနော်တို့ ၁၁၁၁ စစ်ဆင်ရေးစကတည်းက နောက်ဆုံးရလဒ်အတိုင်းပဲ ခုထိ ရှိပါတယ်။”

လွိုင်ကော်ကို သိမ်းနိုင်ဖို့ တော်လှန်ရေးတပ်တွေက အင်အားဖြည့်တင်းမှုတွေ လုပ်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင် လွိုင်ကော်ကို အားဖြည့်မယ့် KNDF ဗျူဟာအမှတ် (၇) သင်တန်းဆင်းခဲ့ပြီး အင်အား ၅၀၀ ကျော် ရှိပါတယ်။

မြို့တွင်းမှာလည်း လက်နက်ကြီးနဲ့လေကြောင်းကြောင့် နေအိမ်တွေပျက်စီးတာတွေ ရှိနေပေမဲ့  ပြန်လည်နေထိုင်ဖို့ ပြည်သူတွေကို စစ်ကောင်စီက စည်းရုံးနေပါတယ်။

တိုက်ပွဲတွေ ရှိနေတဲ့အပြင် ပြည်သူတွေကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် သုံးမယ့် အခြေအနေတွေ ရှိနေတယ်လို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

“လွိုင်ကော်မှာ ပြည်သူတွေပြန်လာနေဖို့ စစ်ကောင်စီ စည်းရုံးတယ်ဆိုတာက သူက သူ့ယန္တရား ပြန်လည်ပတ်ချင်လို့လုပ်တဲ့ ကိစ္စတွေပဲဖြစ်တယ်။ သို့သော် တကယ့်လက်တွေ့မှာ အဲ့လောက် မလွယ်ကူဘူး၊ လူထုလည်း နေရဲမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရမ်းသန်းပစ်ခတ်တာတွေ ပြည်သူကို ရန်သူလိုသဘောထားပြီး လုပ်နေတာတွေ ရှိတဲ့အတွက်ကြောင့် လူထုက ပြန်လာနေရင်လည်း အန္တရာယ်ကြားထဲမှာပဲ နေရမယ့်  အခြေအနေရှိတယ်။ လူသားဒိုင်းအဖြစ် သူတို့က ပြန်သုံးမယ့်အခြေအနေမှာရှိနေပါတယ်။”

၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ မိုးဗြဲ၊ နန်းဖယ်ခုံ၊ စတဲ့ မြို့ ၇ မြို့၊ ပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ တော်လှန်ရေးတပ်တွေ ဘက်က ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ ဖရူဆို၊ ရှားတော၊ မယ်စဲ့၊ ဒီးမော့ဆိုမြို့နယ်တွေအပါအဝင် ဖားဆောင်း နဲ့ လွိုင်ကော်က နေရာအချို့မှာ ပြည်သူတွေပါဝင်တဲ့ အုပ်ချုပ်ရေးယန္တရားတွေ စတင်နေပြီလို့လည်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံက သိရပါတယ်။

မြတ်ကြီး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013