Home
မြန်မာသတင်း
စစ်ကိုင်းတွင် ပြီးခဲ့သည့်စာသင်နှစ်က ကျောင်းပေါင်း ၄၀၀၀ ခန့် မဖွင့်လှစ်နိုင်ခဲ့ 
DVB
·
May 9, 2024
BEHS Kyauk Hmaw_09052024

ပြည်သူ့ကာကွယ်ရေးတပ် (PDF) အားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့စာသင်နှစ်က ကျောင်းပေါင်း ၄,၀၀၀ လောက် မဖွင့်လှစ်နိုင်ခဲ့ဘူးလို့ စစ်ကောင်စီပညာရေးဌာနက သိရပါတယ်။

ပြီးခဲ့တဲ့ စာသင်နှစ်မှာ ကယား(ကရင်နီ)၊ ကရင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေခံပညာကျောင်းတွေ ဖွင့်လှစ်နိုင်တာမျိုး မရှိသလို စစ်ကိုင်းတိုင်းမှာလည်း ကျောင်းပေါင်း ၄၀၀၀ လောက် မဖွင့်နိုင်ခဲ့ဘူးလို့ စစ်ကောင်စီ ပညာရေးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။

“လာမယ့်ပညာသင်နှစ်မှာ ကျောင်းတွေအားလုံးဖွင့်ဖို့ လုပ်ရမယ်ဆိုပြီး ညွှန်ကြားတော့ တတ်နိုင်သလောက်တော့ ရအောင်ဖွင့်ဖို့ လုပ်နေကြတယ်။ အကုန်ဖွင့်ဖို့ဆိုတာတော့ လက်ရှိ အခြေအနေမှာ မလွယ်ဘူး။” 

စစ်ကိုင်းတိုင်းမှာ မဖွင့်နိုင်တဲ့ ကျောင်းအရေအတွက်ကို စစ်ကောင်စီပညာရေးဌာနထံက အတည်ပြုနိုင်ပေမဲ့ ကယား(ကရင်နီ)၊ ကရင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက မဖွင့်နိုင်တဲ့ ကျောင်းအရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ကယားပြည်နယ်မှာ စာစစ်ဌာန လုံးဝဖွင့်လှစ်နိုင်တာမျိုး မရှိသလို စာမေးပွဲဝင်ဖြေဖို့ စာရင်းပေးသူလည်း မရှိခဲ့ဘူးလို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမယ့်ပညာသင်နှစ်မှာ တနိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာကျောင်းတွေ အားလုံးပြန်ဖွင့်ဖို့ လုပ်ဆောင်ရမယ်ဆိုပြီး ပြီးခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာပြောဆိုခဲ့ပြီးတဲ့နောက် စစ်ကောင်စီပညာရေး ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးကလည်း ကျောင်းတွေဖွင့်နိုင်ဖို့ ညှိနှိုင်းအစည်းအဝေးတခုကို ပြုလုပ်ခဲ့ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်တော့ အခြေခံပညာကျောင်းပေါင်း ၄၀,၀၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ပညာသင်နှစ်မှာ ဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ ကျောင်းအရေအတွက်ကတော့ ရာခိုင်နှုန်း ၂၀ ကျော်ရှိတယ်လို့ ပညာရေးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013