Home
မြန်မာသတင်း
ဧရာဝတီတိုင်းထွက် ကွမ်းသီးနုဈေးကျဆင်းပြီး ကုန်သည်များထိခိုက်
DVB
·
May 7, 2024
Betal_07052024

ဧရာဝတီတိုင်းက စိုက်ပျိုးရေးထွက်ကုန်တခုဖြစ်တဲ့ ကွမ်းသီးနုဈေးနှုန်း မတည်မငြိမ်ဖြစ်ပြီး အရင်နှစ်ကထက် ၂ ဆအထိ ပိုကျဆင်းနေတယ်လို့ ဧရာဝတီတိုင်းက ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ဧပြီလနဲ့ မေလဟာ ကွမ်းသီးအနုတွေ ပေါ်နေတဲ့အချိန်ဖြစ်ပြီး အခုနှစ် ကွမ်းသီးနုဈေးဟာ ဈေးအတက်အကျ မငြိမ်တာကြောင့် အရင်နှစ်ကထက် ဈေး ၂ ဆအထိ ကျသွားသလို အရောင်းအဝယ်လည်း ကျဆင်းနေတယ်လို့ ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ဆိုပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ကွမ်းသီးနုရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တဦးက “ကွမ်းသီးဈေးကွက် လုံးဝမတည်ငြိမ်ဖြစ်နေတာ။ ကွမ်းသီးဈေးကွက်က ခဏနေ တက်လိုက် ကျလိုက်ပဲ။ တရုတ်တွေက သူတို့လိုချင်တဲ့အချိန်ကျ ဈေးပိုပေးတယ်။ မလိုအပ်တဲ့ အချိန်ကျတော့ ဈေးလျှော့ချတယ် အဲလိုလေ။ ကွမ်းသီးအရည်အသွေးကိုလည်း အရင်ထက် ပိုတင်းကျပ်လာတယ်။ ဒီနှစ်အဖို့ အရင်နှစ်လောက် ဈေးကွက်မကောင်းတော့ဘူး။ အရင်လို မတင်ပို့ရဘူး ဖြစ်နေတယ်။ အရင်နှစ်လို မြိုင်မြိုင်ဆိုင်ဆိုင် အရောင်းအဝယ် မဖြစ်ဘူးပေါ့” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ အရင်နှစ်က ကွမ်းသီးပိဿာချိန် ၁၀၀ ကို ငွေကျပ် ၉၀၀,၀၀၀ အထိ ဈေးပေါက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကွမ်းသီးပိဿာချိန် ၁၀၀ ကို ၄၀၀,၀၀၀ က‌နေ ၄၅၀,၀၀၀ အထိသာ ဈေးပေါက်နေပြီး အရင်က တရက် ပိဿာချိန်သောင်းချီ အရောင်းအဝယ် ဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ ပိဿာချိန် ထောင်ဂဏန်းအထိသာ အရောင်းအဝယ် ဖြစ်တော့တယ်လို့ ဆိုပါတယ်။

ဘိုကလေးမြို့နယ်က ကွမ်းသီးရောင်းဝယ်ရေးလုပ်ကိုင်သူ တဦးကလည်း “အရောင်းအဝယ်ပါးနေတဲ့ အဓိကအကြောင်းအရင်းက အခုလို ဈေးထိုးကျတာကြောင့် အရောင်းအဝယ် ပါးသွားတာပါ။ အရင်က အခုလိုအချိန်ဆို စတင်ဝယ်ကြောင်း လိုင်းပေါ်တင်တာနဲ့ ဖုန်းတွေ တဂွမ်ဂွမ်ဆက်ကြတာ။ အခု တယောက်မှ မဆက်ကြဘူး၊ ငုတ်တုတ်မေ့နေတယ်” လို့ ပြောပါတယ်။

အခုလို ကွမ်းသီးနုဈေးကွက် မတည်ငြိမ်တာဟာ အစိုးရက တရားဝင်သတ်မှတ်ထားတဲ့ ဈေးနှုန်း မရှိတာနဲ့ တရုတ်ဘက်က သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းသာ ဝယ်ယူနေရတာကြောင့်ဖြစ်ပြီး စိုက်ပျိုးသူတွေနဲ့ ကုန်သည်တွေမှာ ထိခိုက်ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်စေတယ်လို့ ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“ဒီပစ္စည်းတွေကျတော့ ဒေါ်လာဈေးနဲ့ နေ့စဉ်ပြောင်းလဲတာ မဟုတ်ဘူး။ ပစ္စည်းရဲ့ Quality နဲ့ ပြောင်းလဲသွားတယ်။ ပစ္စည်း Quality မကောင်းလို့ရှိရင် ဈေးကျသွားတယ်။ Quality ကောင်းရင် ဈေးတက်တယ်။ အဲလိုမျိုးသွားတယ်။ ပြောရမယ်ဆိုရင် အစိုးရက တရားဝင် သတ်မှတ်ထားတဲ့ဈေးတန်းတခု မရှိဘူး။ အရင်နှစ်က အရောင်းအဝယ်က အရမ်းကြီး မခက်ခဲ မကျပ်တည်းကြဘူး။ အရမ်းလွယ်ကူတယ်၊ ရောင်းရဝယ်ရတာ။ ဒီနှစ်က အရမ်းခက်ခဲတာ။ ဈေးကလည်း ထိုးတက်နေတယ်။ တရုတ်ကတော့ သူတို့လုပ်နေကျအတိုင်း ပုံမှန်ဝယ်တာပဲ။ ဒါပေမဲ့ တခုရှိတာက သူတို့လိုချင်တဲ့ဥစ္စာ သူတို့ဝယ်ချင်တဲ့ဈေးပဲ သူတို့ဝယ်တယ်။ သူတို့လိုချင်တဲ့ဈေး ဝယ်ချင်တဲ့ဈေး မရရင် မဝယ်ဘူး။ အဲတော့ ကျမတို့ကုန်သည်တွေ စိုက်ပျိုးထုတ်လုပ်သူတွေပဲ နစ်နာတာပေါ့” လို့ ပုသိမ်မြို့က ကွမ်းသီးရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဧရာဝတီတိုင်းက ထွက်ရှိတဲ့ ကွမ်းသီးအနုတွေကို ပြည်ပဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချနေတာဖြစ်ပြီး အခုလို ကွမ်းသီးအနုဈေးကွက် မငြိမ်တာကြောင့် ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ ဆိုပါတယ်။

Photo - တော်ဝင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013